Blog

အတွင်းလူသတင်းပေးပို့ခြင်း

၁။ မရိုးသားမှု၊ မဖွယ်ရာမှုကိစ္စများအကြောင်း သတင်းပေးပို့ခြင်း

လုပ်ငန်းစု၏ ဝန်ထမ်းများ (“ဝန်ထမ်းများ”) အနေဖြင့် မလျော်ကန်မှုများ၊ မဖွယ်ရာမှုများနှင့် စိုးရိမ်မှုများရှိပါက ဝန်ထမ်းများအနေဖြင့် ကြောက်ရွံ့ခြင်းမရှိ၊ နောက်ဆက်တွဲဖြစ်လာနိုင်သည့် အကျိုးဆက်များကို ပူပန်စရာမလို လွတ်လပ်စွာ ပွင့်လင်းစွာ ဖော်ထုတ်တိုင်ကြား သတင်းပေးပို့နိုင်မည့် လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးရန်နှင့် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို စီစဉ်ပြုလုပ်ရန်မှာ လုပ်ငန်းစုအတွက် အကျိုးရှိစေသည်ဟုကုမ္ပဏီမှ ယုံကြည်ပါသည်။

လုပ်ငန်းစဉ်များကို ထုတ်ပြန်ကြေညာခြင်

ကုမ္ပဏီသည် ဤလုပ်ငန်းစဉ်များနှင့် နောက်ဆုံးရ အချက်အလက်များကို ဝန်ထမ်းများ သိရှိစေရန် ထုတ်ပြန်ကြေညာမှာဖြစ်ပါသည်။

တိုင်တန်းချက်ပေးပို့ရမည့် အာဏာပိုင်

ညွှန်ကြားရေးမှူး၊ အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့ဝင် (ဌာနခွဲတစ်ခု၏ စီမံခန့်ခွဲရေးမှူး/ အကြီးအကဲ/ မန်နေးဂျင်းအဆင့်နှင့် အထက် ရာထူးရှိသူများ အပါအဝင်) တို့ ပါဝင်ပတ်သက်သော တိုင်ကြားချက်များကို အလုပ်အမှုဆောင်မဟုတ်သော ညွှန်ကြားရေးမှူး (Non- Executive Director) ထံ အောက်ပါ QR Code (သို့) အစီရင်ခံစာကို whistleblowing@yoma.com.mm မှတစ်ဆင့် အမည်နာမ ဖော်ပြရန်မလို အီးမေးပေးပို့ အကြောင်းကြားနိုင်ပါသည်။

တိုင်ချက်ဖွင့်နိုင်သော အခွင့်အရေး

မည်သည့်ဝန်ထမ်းမဆို ရိုးသားဖြောင့်မှန်သော ရည်ရွယ်ချက်ဖြင့် တိုင်ကြားမှုကို ချုပ်ချယ် ဟန့်တား နိုင်ခွင့်မရှိသကဲ့သို့ ယင်းအခွင့်အရေးကျင့်သုံးမှုကိုလည်း တားမြစ် ကန့်သတ်ခွင့်မရှိပါ။

တားဆီးပိတ်ပင်မှုကို ဟန့်တားခြင်း

ကုမ္ပဏီသည် တိုင်ချက်ဖွင့်လိုသော (သို့) တိုင်ချက်ဖွင့်ရန် ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းအား ပိတ်ဆို့ဟန့်တားမှုကို ကန့်ကွက်သကဲ့သို့ ထိုသို့ပြုမူသူများကိုလည်း လက်ခံလျစ်လျူရှုမည် မဟုတ်ပါ။ လုပ်ငန်းစုအတွင်းရှိ မည်သည့်ဝန်ထမ်း၊ အရာရှိ (သို့) ကိုယ်စားလှယ်တို့မှ ထိုသို့ပြုမူကျူးလွန်ကြောင်း သိရှိရပါက စည်းကမ်းပိုင်းဆိုင်ရာ သင့်လျော်သလို အရေးယူသွားမှာ ဖြစ်ပါသည်။

ရန်တုံ့နှင်းမှုကို တားမြစ်ခြင်း

ကုမ္ပဏီသည် တိုင်ချက်ဖွင့်လိုသော (သို့) တိုင်ချက်ဖွင့်ရန် ဆောင်ရွက်လျက်ရှိသော (သို့) တိုင်ချက်ဖွင့်ပြီးသော ဝန်ထမ်းအပေါ် ရန်တုံ့နှင်းမှုကို လက်ခံလျစ်လျူရှုမည် မဟုတ်ပါ။ လုပ်ငန်းစုအတွင်း မည်သူမဆို ထိုသို့ပြုမူခဲ့ကြောင်း (သို့) ပြုမူလိုကြောင်း သိရှိရပါက စည်းကမ်းပိုင်းဆိုင်ရာ သင့်လျော်သလို အရေးယူသွားမှာ ဖြစ်ပါသည်။ ထိုသို့ ရန်တုံ့နှင်းမှုနှင့် ပတ်သက်၍ တိုင်ကြားချက်ကို လက်ခံရရှိပါက အခြားတိုင်ကြားချက်များကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်ပါသည်။

၂။ တိုင်တန်းမှုဆိုင်ရာ လုပ်ငန်းစဉ်များ

တိုင်တန်းမှုများအတွက် လုပ်ငန်းစဉ်များ

ပြေစာများ၊ တိုင်စာများကို ထိန်းသိမ်းထားခြင်း နှင့် အရေးယူဆောင်ရွက်မှုလုပ်ငန်းစဉ်များကို အောက်တွင် စီစဉ်ဖော်ပြထားသည့်အတိုင်း ပြည့်ဝစွာ လိုက်နာရပါမည်။

တိုင်စာ တင်ပြခြင်း

တိုင်စာ မှန်သမျှ အထက်ဖော်ပြပါ အပိုဒ် ၁.၃ တွင်ဖော်ပြပါရှိသည့်နည်းလမ်းအတိုင်း တင်သွင်းရမည်။

မည်သူမည်ဝါဖြစ်ကြောင်း လျို့ဝှက်ထားရှိမှု

မကျေနပ်ကြောင်းတိုင်တန်းသည့် ဝန်ထမ်းများသည် မိမိ မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော်ပေးရန် တိုက်တွန်းလိုပါသည်။ တိုင်စာပေးပိုသည့် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကိုကာကွယ်ပေးရန် လုံခြုံသည့်နေရာများတွင် သိမ်းဆည်းထားခြင်းကြောင့်-

  • ဥပဒေအရသော်လည်းကောင်း၊ တရားရုံး၏ အမိန့်အရသော်လည်းကောင်း၊ ထိန်းသိမ်းရန်အာဏာအပ်နှင်းထားသောအဖွဲ့အစည်း သို့မဟုတ် မြန်မာ့နိုင်ငံခြား ငွေလဲလှယ်မှုဘဏ် သို့မဟုတ် ယင်းကဲ့သို့ လိုအပ်သောတရားစီရင်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းများမှ လိုအပ်မှသာ စီမံခန့်ခွဲရေးအဖွဲ့ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ဖော်ပြခြင်း
  • ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ခြင်းသည် လုပ်ငန်းစုအတွက် ကောင်းကျိုးဖြစ်စေသည်ဟု စီမံခန့်ခွဲရေးအဖွဲ့က ခံယူခြင်း
  • တိုင်တန်းချက်သည် တာဝန်မဲ့သော၊ မရိုးဖြောင့်သော (သို့) ယင်းမူဝါဒနှင့် လုပ်ငန်းစဉ်အား အလွဲသုံးကာ မလိုမုန်းထားပြီး ထိခိုက်နစ်နာစေလိုသော သဘောဖြင့် တိုင်တန်းမှုဖြစ်ခြင်း
  • ယင်းဝန်ထမ်း၏ ကိုယ်ရေးအချက်အလက်များကို အပိုဒ် ၂.၃ ပါ ဖော်ပြချက်ကြောင့်မဟုတ်ပဲ အခြားအကြောင်းကြောင့် အများမှ သိနှင့်ထားပြီးခြင်း

တိုင်တန်းချက်များကို မှတ်ပုံတင်စာရင်းသွင်းခြင်း

လက်ခံရရှိသောတိုင်စာများအားလုံးကို အသေးစိတ် မှတ်တမ်းတင်ထားရန် တိုင်တန်းသည့် အကြောင်းအရာနှင့် နေ့စွဲအပေါ်မူတည်၍ မှတ်ပုံတင်စာရင်းသွင်းကာ ထိန်းသိမ်းထားရပါမည်။ တိုင်စာမှတ်တမ်းများကို စီမံခန့်ခွဲှရေးအဖွဲ့မှ စစ်ဆေးရန် လိုအပ်သည့်အခါတိုင်းတွင် ပြနိုင်ရန် အသင့်ဖြစ်နေရမည်။

၃။ တိုင်တန်းချက်များအတွက် သုံးသပ်ချက်ကို နှင့် တိုင်တန်းချက်များကို စုံစမ်းစစ်ဆေးခြင်း

ဒါရိုက်တာများ၊ အကြီးတန်းအရာရှိများနှင့် သက်ဆိုင်သည့် တိုင်စာများမှလွဲ၍ သတင်းပေးပို့ တိုင်တန်းချက်များအားလုံးကို ဒါရိုက်တာမှ စာရင်းသွင်းလက်ခံရပါသည်။ လက်ခံရရှိသော တိုင်ကြားစာကို ဒါရိုက်တာမှ ကနဦးသုံးသပ်ချက်ပြုလုပ်ပြီး ပြဿနာပျောက်ကင်းအောင် ကုစားရေး၊ စည်းကမ်းထိန်းသိမ်းရေး (သို့) ကုမ္ပဏီအနေနှင့် ဆောင်ရွက်ရမည့် အခြားလုပ်ငန်းစဉ်များအတွက် အကြံပြုချက်ပေးရပါသည်။ စုံစမ်းစစ်ဆေးချက်တိုင်းကို စီမံခန့်ခွဲရေးအဖွဲ့ထံ တင်ပြရန်လိုအပ်ပြီး လိုအပ်သည့် လုပ်ငန်းဆောင်တာများကို ဆက်လက်ဆောင်ရွက်ရပါသည်။ ဒါရိုက်တာ (သို့) အကြီးတန်း စီမံအုပ်ချုပ်မှုအဖွဲ့ဝင် (သို့) အမှုဆောင်မဟုတ်သော ဒါရိုက်တာနှင့် ပတ်သက်သော တိုင်စာများကို ဘုတ်အဖွဲ့၏ ဥက္ကဌထံ တင်ပြရပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားရမှာဖြစ်ပါသည်။

စီမံခန့်ခွဲမှုအဖွဲ့ ၏ သံန္ဓိဌာန်

တိုင်စာ တစ်ခုခုကိုလက်ခံရရှိသည်နှင့် စီမံခန့်ခွဲမှုအဖွဲ့သည်

  • စုံစမ်းစစ်ဆေးမှု (သို့) သုံးသပ်ချက်ပြုလုပ်ခြင်း။
  • ကုမ္ပဏီစာရင်းစစ်များ(သို့) ပြင်ပ စာရင်းစစ်များနှင့် အခြားကျွမ်းကျင်သူများကို နောက်ထပ် စုံစမ်းစစ်ဆေးမှုများ (သို့) သုံးသပ်ချက် ပြုလုပ်ရန်ညွှန်ကြားခြင်း။
  • ပြဿနာပျောက်ကင်းအောင်ကုစားရေး၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ (သို့) သင့်လျော်သည့် အခြား အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် စီမံခန့်ခွဲမှုအဖွဲ့အား ညွှန်ကြားခြင်း။
  • အသေးစိတ် စုံစမ်းစစ်ဆေးမှု (သို့) သုံးသပ်ချက်များအတွက် စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် အပြင်အဖွဲ့အစည်းအား ပါဝင်လုပ်ဆောင်စေရန်။
  • တိုင်တန်းသည့် အမှုကိစ္စ ပျောက်ကင်းအောင် ကုစားရေး၊ စည်းကမ်းထိန်းသိမ်းခြင်း (သို့) အခြားလုပ်ဆောင်ချက်များအတွက် စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြင်ပဖွဲ့အစည်းအား ပါဝင်လုပ်ဆောင်စေရန်။ နှင့် / သို့
  • လုပ်ငန်းစု၏ ကောင်းကျိုးအတွက် စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် အခြားလိုအပ်သည့် လုပ်ဆောင်ချက်များအတွက် ဆုံးဖြတ်ခြင်း။ ကုမ္ပဏီမှ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာလုပ်ပိုင်ခွင့်ရှိခြင်း။

စီမံခန့်ခွဲရေးအနေဖြင့် အရေးယူသင့်သည်ဟု ယူဆသောမည်သည့်ဝန်ထမ်းကိုမဆို ကုမ္ပဏီသည် ယင်းသို့ အရေးယူဆောင်ရွက်ပိုင်ခွင့်ကို လက်ဝယ်ထားရှိသည်။

မူဝါဒနှင့် လုပ်ငန်းစဉ်များကို အလွဲသုံးစားပြုခြင်း

မည်သည့်ဝန်ထမ်းမဆို မိမိတိုင်တန်းချက်အပေါ် အလေးအနက်မထားခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းမရှိ၊ ချမှတ်ထားသောမူဝါဒနှင့် လုပ်ငန်းစဉ်များကို အလွဲသုံးစားပြုခြင်း (သို့) ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက်ဖြင့် တိုင်တန်းပါက လုပ်ငန်းစုအနေဖြင့် စီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ယင်းဝန်ထမ်းအား သင့်လျော်သလို အရေးယူသွားမှာဖြစ်ပါသည်။

၄။ဥပဒေများ၊ ပြဌာန်းချက်စည်းမျဉ်းများနှင့် တသမတ်တည်းဖြစ်ခြင်း

ဤလုပ်ငန်းစဉ်များကို တိုင်တန်းချက်များလက်ခံရရှိခြင်း၊ ထိန်းသိမ်းခြင်း (သို့) အရေးယူဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ ပြဌာန်းထားသည့် ဥပဒေများ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ (သို့) လမ်းညွှန်ချက်များအားလုံးနှင့်အတူ တွဲဖက်၍ ဖတ်ရှုလိုက်နာရပါမည်။ ဤလုပ်ငန်းစဉ်များသည် ဥပဒေများ၊ ပြဌာန်းချက်များ၊ စည်းမျဉ်များ၊ ညွှန်ကြားချက်များ သို့မဟုတ် လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုမရှိပါက (သို့) ဖီလာဆန့်ကျင်နေပါက ယင်းဥပဒေများ၊ ပြဌာန်းချက်များ ၊ ညွှန်ကြားချက်များအတိုင်းသာ အတည်ဖြစ်ရပါမည်။

၅။ အဓိပ္ပါယ်ဖွင့်ဆိုခြင်း

ဤလုပ်ငန်းစဉ်တွင်အသုံးပြုသော ဝေါဟာရများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အောက်ပါအတိုင်း မှတ်ယူရပါမည်-

  • တိုင်တန်းချက် ၏ အဓိပ္ပါယ်သည် မဖွယ်မရာဖြစ်သော၊ မှားယွင်းသော၊ ဖျက်လိုဖျက်ဆီးသော၊ ရန်တုံ့ပြန်သော အကြောင်းကိစ္စအပေါ် စွပ်စွဲသည့် တိုင်တန်းချက်အားလုံး။
  • တိုင်ချက် စာရင်းသွင်းခြင်း ဆိုသည်မှာ ပေးပို့လာသော တိုင်တန်းချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်ရန် စာရင်းပြုစုထိန်းသိမ်းထားခြင်း။
  • လုပ်ငန်းစု ဆိုသည်မှာ ကုမ္ပဏီနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများအားလုံး။
  • မရိုးသားမှု၊ မဖွယ်ရာမှုဆိုသည်မှာ လုပ်ငန်းစုမှ ခန့်အပ်ငှားရမ်းထားသော ဝန်ထမ်းတစ်ဦး ၊အရာရှိတစ်ဦး (သို့) လုပ်ငန်းစု၏ ကိုယ်စားလှယ် (သို့) ပြင်ပမှအကြံပေးများ ၊ အတိုင်ပင်ခံများ (သို့) အတတ်ပညာဆိုင်ရာကုမ္ပဏီ (ပြင်ပနှင့် လုပ်ငန်းစုတွင်း စာရင်းစစ်ဝန်ဆောင်မှုပေးသည့် စာရင်းစစ် ကုမ္ပဏီများအပါအဝင်) တို့၏ ငွေစာရင်း၊ ဘဏ်စာရင်း၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ၊ ဌာနတွင်း ကန့်သတ်ထိန်းချုပ်မှုနည်းလမ်း၊ ကုမ္ပဏီတွင်း ငွေစာရင်း ကန့်သတ်ထိန်းချုပ်မှုနည်းလမ်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာနှင့် လေးစားလိုက်နာမှုနည်းလမ်း (သို့) ဘေးအန္တရာယ် /အရဲစွန့်ရမှုအား ကိုင်တွယ်ဖြေရှင်းမှု အလေ့အကျင့် စသည်တို့သည် ယေဘုယျလက်ခံထားသော ငွေစာရင်းဆိုင်ရာ ဥပဒေသများ၊ စံနှုန်းများ (သို့) အလေ့အကျင့်များ စသည်တို့နှင့် ကိုက်ညီမှုမရှိသဖြင့် သံသယဖြစ်ဖွယ်ရှိခြင်း၊ (သို့) ရိုးသားမှု (သို့) ဂုဏ်သိက္ခာ (သို့) ကော်မရှင် (သို့) မည်သည့်ဥပဒေ (သို့) စည်းမျဉ်းကိုမဆို ဆန့်ကျင်သည့် လုပ်ရပ် (သို့) လှုပ်ရှားဆောင်ရွက်မှု အားလုံးကို ဆိုလိုခြင်းဖြစ်သည်။
  • တားဆီးပိတ်ပင်ခြင်း ဆိုသည်မှာ အင်အားသုံးခြင်း၊ အခွင့်အာဏာသုံးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အမြဲတမ်း ဒုက္ခပေးနှောက်ယှက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ လွန်ကဲသော ဖိအားပေးခြင်း (သို့) အခြားလုပ်ရပ် (သို့) အပြုအမူတို့ဖြင့် ဝန်ထမ်းတစ်ဦး (သို့) အရာရှိတစ်ဦးမှ မဖွယ်မရာမှု၊ မရိုးသားမလျော်ကန်မှုအား တိုင်ချက်ဖွင့်နိုင်သည့် အခွင့်အရေး လုပ်ဆောင်မှုကို အချိန်ကြန့်ကြာစေခြင်း၊ ပိတ်ဆို့မှုလုပ်ခြင်း၊ လွှမ်းမိုးခြင်း၊ စွက်ဖက်နှောက်ယှက်ရန် ကြိုးပမ်းခြင်းဖြင့် နောင်တွင် အခြားသူများအနေနှင့် ယင်းသို့မတရားမှု၊ မဖွယ်မရာမှုများကို တိုင်တန်းမှုပြုလုပ်ခြင်းမျိုး မရှိစေရန် တားဆီးပိတ်ပင်ခြင်းဖြစ်သည်။
  • ရန်တုန့်နှင်းခြင်းဆိုသည်မှာ ကုမ္ပဏီ၏ မည်သည့် ဝန်ထမ်း (သို့) အရာရှိမှ တိုင်ချက်ဖွင့်လိုသူနှင့် တိုင်ချက်မဖွင့်ဖြစ်သူအပေါ် အင်အားသုံးခြင်း၊ အခွင့်အာဏာသုံးခြင်း၊ ခြိမ်းခြောက်မှု၊ အမြဲတမ်း ဒုက္ခပေးနှောက်ယှက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ လွန်ကဲသောဖိအားပေးခြင်း (သို့) မလျော်ကန်သော အပြုအမူတို့ဖြင့် ဆန့်ကျင်ခြင်း ဖြစ်သည်။

သတင်းအချက်အလက်နည်းပညာမူဝါဒ

Policy > ရိုးမအုပ်စု၏ မူဝါဒ နှင့် လမ်းညွှန်ချက်များ > သတင်းအချက်အလက်နည်းပညာမူဝါဒ

ဤမူဝါဒတွင် ရိုးမအုပ်စုထံ သတင်းအချက်အလက် ပေးပို့သူ အဖွဲ့အစည်းအားလုံး (ဝန်ထမ်းများ၊ အလုပ်လျှောက်ထားသူများ၊ ကာစတန်မာများ၊ ပစ္စည်းပေးသွင်းသူများ၊ ကန်ထရိုက်တာများ စသည်တို့) အကျုံးဝင်ပါသည်။

လုပ်ငန်းဆောင်ရွက်ရာတွင် ရိုးမအုပ်စုသည် သတင်းအချက်အလက်များကို ရယူရန် နှင့် အသုံးချလုပ်ဆောင်ရန် လိုအပ်သည်။ ဤသတင်းအချက်အလက်များတွင် အမည်များ၊ လိပ်စာများ၊ အသုံးပြုသူအမည်များနှင့် စကားဝှက်များ၊ ဒစ်ဂျစ်တယ်မှတ်တမ်းများ၊ ဓာတ်ပုံများ၊ လူမှုဖူလုံရေးနံပါတ်များ၊ ငွေကြေးဆိုင်ရာအချက်အလက်များ ကဲ့သို့သော လူတစ်ဦးကို မည်သူမည်ဝါဟု အတည်ပြုနိုင်သည့် အွန်လိုင်း (online) (သို့) အွန်လိုင်းမဟုတ်သည့် (offline) အချက်အလက်များ ပါဝင်ပါသည်။

ရိုးမအုပ်စုသည် ဤသတင်းအချက်အလက်ကို ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ၏ သိရှိမှု၊ အပြည့်အဝ လက်တွဲဆောင်ရွက်မှု စသည်တို့နှင့်အတူ ပွင့်လင်းမြင်သာမှုရှိစွာ စုဆောင်းမည်ဖြစ်ပါသည်။

ရိုးမအုပ်စုသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို :

ဥပဒေနှင့်ညီသည့် ရည်ရွယ်ချက်များအတွက်သာ မျှတစွာ စုဆောင်းမည်ဖြစ်သည်။

ကုမ္ပဏီ၏ ဥပဒေနှင့်ညီသော၊ ကိုယ်ကျင့်သိက္ခာရှိသော ဘောင်အတွင်း၌သာ ဆောင်ရွက်မည်။

ဌာနတွင်း (သို့) ပြင်ပ အဖွဲ့အစည်းများက ခွင့်ပြုချက် မရှိဘဲ (သို့) တရားမဝင်ဘဲ ကြည့်ရှုခြင်းများမှ ကာကွယ်မည်။

မည်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်ကိုမဆို -

တရားဝင် မဟုတ်ဘဲ အသိပေးပြောဆိုမည် မဟုတ်ပါ။

သတ်မှတ်ထားသော အချိန်ပမာဏထက် ကျော်လွန်၍ သိမ်းဆည်းထားခြင်း မပြုလုပ်ပါ။

လုံလောက်သော အချက်အလက်ကာကွယ်ရေးမူဝါဒများ ချမှတ်ထားခြင်းမရှိသည် အဖွဲ့အစည်းများ၊ တိုင်းပြည်များ (သို့) နိုင်ငံများသို့ လွှဲပြောင်းခြင်း မပြုလုပ်ပါ။

အချက်အလက်ပိုင်ဆိုင်သူ၏ သဘောတူညီချက်ထဲတွင် မပါဝင်သည့် အခြားသော အဖွဲ့အစည်းများသို့ ဖြန့်ဝေခြင်း မပြုလုပ်ပါ။ (ဥပဒေအရ အာဏာပိုင်များမှ တွန်းအားပေး၍ အကျိုးအကြောင်းခိုင်မာသည့် တောင်းဆိုချက်များမှ လွဲ၍)

ကိုယ်ရေးကိုယ်တာ အချက်အလက်များ စုဆောင်းရာတွင် ရိုးမအုပ်စုသည် -

လူအများအား ၎င်းတို့၏ အချက်အလက်များကို စုဆောင်းနေကြောင်း အသိပေးမည်။

အချက်အလက်များအား မည်ကဲ့သို့ သိမ်းဆည်းကြောင်း အသိပေးမည်။

အချက်အလက်များ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းနှင့် ပေါက်ကြားခြင်းတို့အတွက် ကြိုတင်စီမံချက်များ ထားရှိမည်။

လူအများသည် ၎င်းတို့ ပေးထားသည့် အချက်အလက်များကို ဒေတာဘေ့စ်များထဲတွင် ပြုပြင်မွမ်းမံရန်၊ ဖျက်သိမ်းရန်၊ လျှော့ချရန် (သို့) အမှန်ပြင်ဆင်ရန်အတွက် တောင်းဆိုခွင့်ရှိမည်။

လုပ်ဆောင်ချက်များ

ရိုးမအုပ်စုသည် -

လျှို့ဝှက်ထားရန်လိုအပ်သော အချက်အလက်များအား ကြည့်ရှုခွင့်ကို ကန့်သတ်၍ စောင့်ကြည့်စစ်ဆေးမည်။

ပွင့်လင်းမြင်သာမှုရှိသော အချက်အလက် စုဆောင်းရေး လုပ်ထုံးလုပ်နည်းများ ဖန်တီးချမှတ်မည်။

အွန်လိုင်း လုံခြုံရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဝန်ထမ်းများကို သင်တန်းပို့ချမည်။

အွန်လိုင်းအချက်အလက်များကို ဆိုက်ဘာတိုက်ခိုက်မှုဒဏ်များမှ ကာကွယ်နိုင်ရန် လုံခြုံသော ကွန်ရက်များ တည်ဆောက်မည်။

လျှို့ဝှက်အချက်အလက်များ ပေါက်ကြားမှု (သို့) အချက်အလက်များ အလွဲသုံးစားလုပ်မှုကို သတင်းပို့နိုင်ရန်အတွက် ရှင်းလင်းသော လုပ်ထုံးလုပ်နည်းများ ချမှတ်မည်။

အချက်အလက်များကို မည်သို့ ကိုင်တွယ်သည့်အကြောင်း ထုတ်ပြန်ချက်များ ထုတ်ခြင်း (သို့) စာချုပ်တွင် အပိုဒ်များထည့်သွင်းခြင်း ပြုလုပ်မည်။

အချက်အလက်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည် (စာရွက်စာတမ်း ဖျက်ဆီးခြင်း၊ သော့များကို လုံခြုံအောင်လုပ်ခြင်း၊ အချက်အလက်များကို ကွယ်ဝှက်ခြင်း (encryption) ၊ မကြာခဏ အရန်သိမ်းဆည်းထားခြင်း၊ တရားဝင်ခွင့်ပြုမိန့်တောင်းခံခြင်း စသည်)

စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အကျိုးဆက်များ

ဤမူဝါဒတွင် ဖော်ပြထားသည့် စည်းကမ်းများအားလုံးကို တိကျစွာ လိုက်နာရမည်။ အချက်အလက်ကာကွယ်ရေး လမ်းညွှန်များကို မလိုက်နာပါက စည်းကမ်းအရ အရေးယူမည်ဖြစ်ပြီး ဖြစ်နိုင်လျှင် ဥပဒေအရ အရေးယူမည်။

ခရီးသွားမူဝါဒ

ဤမူဝါဒတွင် အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ နှင့် လုပ်ငန်းအဖွဲ့စီအီးအိုမှလွဲ၍ ကျန်လုပ်ငန်းအဖွဲ့ဝန်ထမ်းအားလုံး အကျုံးဝင်သည်။

လုပ်ငန်းအဖွဲ့၏ဝန်ထမ်းရေးရာဌာနသည် ဤမူဝါဒကို ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် အသိပေးပြန်ကြားခြင်းအတွက် တာဝန်ရှိသည်။

ဤမူဝါဒပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်အတွက် ဝန်ထမ်းတွင် တာဝန်ရှိသည်။

ဝန်ထမ်း၏ အထက်အရာရှိတွင် လုပ်ငန်းသုံးကုန်ကျစရိတ်များ၏ ကျိုးကြောင်းဆီလျော်မှုနှင့် လိုအပ်မှုကို ဆုံးဖြတ်ခြင်း နှင့် ၎င်းကဲ့သို့သော ကုန်ကျစရိတ်များကို အတည်ပြုပေးခြင်းစသော တာဝန်များရှိသည်။

ဒေသန္တရ BU ၏ ဘဏ္ဍာရေးမန်နေဂျာသည် ဤမူဝါဒပါ ပြဋ္ဌာန်းချက်များနှင့်အညီ သင့်တော်သော မှတ်တမ်းမှတ်ရာပြုလုပ်ခြင်း၊ တိကျမှု နှင့် ကိုက်ညီမှု ရှိစေရန်အတွက် ဝန်ထမ်း လုပ်ငန်းသုံးကုန်ကျစရိတ် အစီရင်ခံစာများကို ပြန်လည်ဆန်းစစ်ရန် တာဝန်ရှိသည်။

ကိုယ်ရေးကိုယ်တာအသုံးပြုရန်အတွက် ကုမ္ပဏီ၏ ဘဏ္ဍာငွေများ (သို့) ပစ္စည်းများကို ခရီးသွားလာမှုနှင့် ဖျော်ဖြေမှုကုန်ကျစရိတ်များအဖြစ် ရည်ရွယ်ချက်ရှိရှိဖြင့် တစ်ဖက်လှည့်၍ မဟုတ်မမှန်တင်ပြခြင်းကို စည်းကမ်းအရ ကြီးလေးစွာ ပြစ်ဒဏ်ပေးအရေးယူနိုင်သည့် အလွဲသုံးစားမှု (သို့) လိမ်လည်မှုအဖြစ် သတ်မှတ်မည်ဖြစ်သည်။

ခရီးသွားလာရာတွင် ကြိုတင်စာရင်းသွင်းခြင်း

လေယာဉ်လက်မှတ် ဝယ်ယူခြင်း နှင့် ဟိုတယ် အတည်ပြုခြင်းများ မပြုလုပ်မီ ဝန်ထမ်းများသည် အတည်ပြုချက် ရယူရမည်။
ခရီးသွားအေးဂျင့်ကို အသုံးပြုမည်ဆိုပါက လျှော့ဈေးရနိုင်ရန်အတွက် ခွင့်ပြုထားသူ ဖြစ်ရမည်။ ကုန်ကျစရိတ်များ လျှော့ချရန်အတွက် အွန်လိုင်းမှ တိုက်ရိုက်ကြိုတင်စာရင်းပေးခြင်းကိုလည်း ခွင့်ပြုနိုင်ပါသည်။

ခရီးသွားမည့်အစီအစဉ်များနှင့် ကြိုတင်စာရင်းပေးခြင်းကို ခရီးသွားမည့်နေ့ရက်ထက် စောနိုင်သမျှစော၍ ပြုလုပ်ရမည်။ ကြိုတင်ဝယ်ယူခြင်းသည် ကုန်ကျစရိတ်သက်သာစေသည့်အတွက် အနည်းဆုံး ၇ ရက်ကြိုတင်၍ ပြုလုပ်ရမည်။ ၇ ရက်အောက်လျော့နည်း၍ ကြိုတင်စာရင်းသွင်းပါက ကျိုးကြောင်းဆီလျော်သည့် အကြောင်းရင်းပြနိုင်ရန် လိုအပ်ပြီး သက်ဆိုင်ရာ ခရီးသွားလာခြင်း အတည်ပြုသူထံမှ လက်မှတ်တောင်းခံရမည်။

ခရီးသွားလုပ်ငန်း၏ ဈေးကွက်မြှင့်တင်ရေးအစီအစဉ်ခံစားခွင့်များ (frequent flyer miles ကဲ့သို့သော) ကို ခရီးသွားသူအနေဖြင့် ရယူနိုင်သော်လည်း ထိုအချက်ကို အခြေခံ၍ ခရီးသွားလုပ်ငန်းတစ်ခုကို ရွေးချယ်ခြင်း မပြုလုပ်ရပါ။

လေကြောင်းဖြင့် ခရီးသွားခြင်း

ဝန်ထမ်း အဆင့်အားလုံးအတွက် လုပ်ငန်းအဖွဲ့၏ လေကြောင်းခရီးဝန်ဆောင်မှု စံသတ်မှတ်ချက်မှာ Economy ဖြစ်သည်။ ပျံသန်းချိန် ၅ နာရီကျော် ကြာမြင့်သော ခရီးဝေးစီးနင်းရခြင်းများနှင့် အလုပ်ဆင်းရက်တွင် အချိန်မှီရောက်ရှိရန် အခြေအနေများ၌သာ Ecnonomy အဆင့်မှ Business အဆင့်သို့ တိုးမြှင့်ပေးခြင်းကို အဖွဲ့အစည်းအဆင့်ရှိ ဌာနမှူးများနှင့် ဥက္ကဋ္ဌများအတွက် အဖွဲ့အစည်းဥက္ကဋ္ဌ (သို့) လုပ်ငန်းအဖွဲ့စီအီးအိုက ခွင့်ပြုပေးမည်။

စီးနင်းမည့်လေယာဉ် ရွေးချယ်ရာတွင် ဖြစ်စေ၊ ပျံသန်းမည့်လမ်းကြောင်း ရွေးချယ်ရာတွင်ဖြစ်စေ ရွေးချယ်စရာ အမျိုးမျိုးရှိပါက လေယာဉ်ကူးပြောင်းရန် အလွန်ရှည်ကြာစွာ စောင့်ဆိုင်းရန်မလိုသည့် ဈေးအသက်သာဆုံးလမ်းကြောင်းကို ရွေးချယ်ရမည်။

ငွေအကုန်အကျသက်သာသည့် လေကြောင်းလိုင်းများဖြင့် ခရီးသွားလာရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

လေယာဉ်လက်မှတ်တွင် ကိုယ်ရေးကိုယ်တာအကြောင်းဖြင့် ခရီးသွားလာမှု ပါဝင်နေပါက ဝန်ထမ်းသည် အမှန်တကယ်ကုန်ကျသည့် လက်မှတ်ဖိုးထဲမှ လုပ်ငန်းဆိုင်ရာခရီးအတွက် အနိမ့်ဆုံးလက်မှတ်ဖိုးကို နုတ်၍ ကျန်ရှိသော ပမာဏကို ပေးဆောင်ရမည်။

ပရိုတိုကောဌာန (protocol@spa-mm.com) သည် ဗီဇာနှင့် ပတ်သက်သည့် ကိစ္စရပ်အားလုံးနှင့်စပ်လျဉ်း၍ အကြံပေးကူညီနိုင်သည်။

ဟိုတယ်

ခရီးသွားလာသူများသည် ဈေးအသက်သာဆုံး ဟိုတယ်အမျိုးအစား(ဝန်ဆောင်မှုကန့်သတ်ချက်၊ ဈေးသက်သာသော၊ ရက်ရှည်နေထိုင်မှု အစရှိသည်)ကို ရွေးချယ်ရမည် ။

အလုပ်အမှုဆောင်အဖွဲ့ အများဆုံး ကြယ် ၅ ပွင့်အဆင့် (မနက်စာပါဝင်သော) Standard၊ တစ်ယောက်ခန်း
အခြားသောဝန်ထမ်းများအားလုံး အများဆုံး ကြယ် ၃/၄ ပွင့်အဆင့်
(မနက်စာ ပါဝင်သော)
Standard (တစ်ယောက်တည်း ခရီးသွားခြင်း (သို့) ဆန့်ကျင်ဘက်လိင်နှင့် ခရီးသွားခြင်း မဟုတ်ပါက တစ်ခန်း နှစ်ယောက်နေရမည်)

ဝန်ထမ်းများသည် Standard အဆင့် အခန်းများကို အသုံးပြုသင့်သည်။ မိသားစုဝင်များနှင့် သူငယ်ချင်းများဖြင့် ခရီးတစ်ခုတည်း အတူတူသွားပါက ဝန်ထမ်းများသည် တစ်ဦးတည်း နေထိုင်စရိတ်ပေါ် အခြေခံတွက်ချက်၍ တည်းခိုခနှင့် ဆက်စပ်အခွန်ကို ပေးဆောင်ရမည်။

ရန်ကုန်သို့ ခရီးသွားသူများ (နိုင်ငံခြားမှ ဝန်ထမ်းများနှင့် ကိုယ်စားလှယ်များ) သည် အခြားသော ဈေးသင့်သည့် ရွေးချယ်စရာများ ရှိသည့်အခြေအနေမှလွဲ၍ Star City (သို့) ပန်းလှိုင်ဂေါက်ကွင်းနယ်မြေရှိ ကုမ္ပဏီပိုင် ဝန်ဆောင်မှုပါပြီးတိုက်ခန်းများတွင် အဓိကတည်းခိုရန် တိုက်တွန်းလိုပါသည်။

ဟိုတယ်အခန်းကို ကြိုတင်စာရင်းပေးသွင်းပြီးနောက် တည်းခိုခြင်း မပြုသောကြောင့် ဒဏ်ကြေးငွေပေးဆောင်ရခြင်းများကို ရှောင်ရှားရန်အတွက် အခန်းများကို မလိုအပ်ကြောင်း သိရှိသည်နှင့်အညီ ဟိုတယ်တွင် ကြိုတင်စာရင်းပေးသွင်းထားခြင်းကို ဖျက်သိမ်း၍ ဖျက်သိမ်းမှုနံပါတ်ရရှိအောင် ဆောင်ရွက်ရမည်မှာ ခရီးသွားသူ၏ တာဝန်ဖြစ်သည်

ပြည်တွင်း ခရီးသွားလာခြင်း

  • တက္ကစီခ၊ Uber၊ Grab/MRT/MTR/ရထား စသည့် ခရီးသွားစရိတ်များကို ပြန်လည်ထုတ်ယူနိုင်သည်။
  • ဟိုတယ်တွင် နေထိုင်ခြင်း။
  • ရထားဖြင့် ခရီးသွားရာတွင် ဒေသတွင်းစည်းမျဉ်းများအရ ပထမတန်းကို ပြဋ္ဌာန်းထားခြင်းရှိသည့် အခြေအနေမှလွဲ၍ စံသတ်မှတ်ချက် လက်မှတ်အဆင့်သည် ဒုတိယတန်း/economy ဖြစ်သည်။

ဝန်ထမ်း၏ ခရီးသွားလာခြင်း ကန့်သတ်ချက်များ

  • အတူတူ ခရီးသွားလာသည့် အဖွဲ့၏ ဝန်ထမ်းအရေအတွက်ကို ကန့်သတ်ထားသည်။
  • သယ်ယူပို့ဆောင်ခြင်း (သို့) လုပ်ငန်းဆိုင်ရာ ခရီးသွားခြင်းများကို စီစဉ်ရာတွင် ကော်ပိုရေးရှင်း၏ အဓိကဝန်ထမ်းများ ရုတ်တရက် ဆုံးရှုံးမှု ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် စီစဉ်ရမည်။ ဆိုလိုသည်မှာ ဖြစ်နိုင်လျှင် လေယာဉ်တစ်စီး (စီးပွားဖြစ်၊ ကိုယ်ပိုင် (သို့) ကော်ပိုရေးရှင်းပိုင် လေယာဉ်) (သို့) အခြားသော ယာဉ်အမျိုးအစားတစ်ခုပေါ်တွင် ကုမ္ပဏီ၏ အလုပ်အမှုဆောင် ၅ ဦးထက်ပို၍ မစီးနင်းရပါ။ အဖွဲ့အစည်း၊ လုပ်ငန်းအဖွဲ့ (သို့) အဖွဲ့အစည်း၏ လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ တစ်ဝက်ထက်ပိုသော လူဦးရေအရေအတွက်သည် လေယာဉ်တစ်စီးတည်း အတူတကွစီးနင်းခရီးသွားရမည်ဆိုပါက ဝန်ထမ်းရေးရာထံမှ ကြိုတင်အတည်ပြုချက် လိုအပ်သည်။

ကုန်ကျစရိတ် အစီရင်ခံခြင်း

  • ခရီးသွားလာခြင်း/လုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များ ပြန်လည်တောင်းခံရန်အတွက် ကုန်ကျစရိတ်အားလုံး၏ လုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက်ကို ဖော်ပြ၍ အီလက်ထရောနစ် (သို့) စာရွက်စာတမ်းဖြင့် ကုန်ကျစရိတ် အစီရင်ခံစာကို အသေးစိတ် တင်ပြရမည်။
  • ခရီးသွားကုန်ကျစရိတ်အားလုံးကို ခရီးမှ ပြန်လည်ရောက်ရှိပြီး ရက် (၂၀) အတွင်း တင်ပြရမည်။
  • နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားအတွက် တရားဝင်ပြေစာ မရှိသော အခြေအနေများတွင် ဝန်ထမ်းများသည် စတင်ထွက်ခွာသည့်နေ့ရက်ကို မှီငြမ်း၍ //www.xe.com/currencyconverter/ မှ နိုင်ငံခြားငွေလဲလှယ်နှုန်းထားကို အသုံးပြုနိုင်သည်။

ပြန်လည်ထုတ်ယူနိုင်သော ကုန်ကျစရိတ်များ

  • လုပ်ငန်းအဖွဲ့ထံမှ ပြန်လည်တောင်းခံသည့် ခရီးသွားကုန်ကျစရိတ်များသည် ယေဘုယျဖြစ်သော (သို့) စရိတ်စကသက်သာသော ဝန်ဆောင်မှုအဆင့်ကို ကိုယ်စားပြုရမည်။
  • ဥပဒေဆိုင်ရာ အခွန်စည်းမျဉ်းများနှင့်အညီ လုပ်ငန်းအဖွဲ့၏ ဆုံးဖြတ်ပေးချက်အရ ဝန်ထမ်းအား ကျိုးကြောင်းဆီလျော်၍ လိုအပ်သော လုပ်ငန်းဆိုင်ရာကုန်ကျစရိတ်ကို လုပ်ငန်းအဖွဲ့မှ ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ အောက်ဖော်ပြပါများသည် ကုမ္ပဏီလုပ်ငန်းအတွက် ခရီးသွားရာတွင် ပြန်လည်တောင်းခံနိုင်သည့် ကုန်ကျစရိတ်သာဓကအချို့ဖြစ်သည်။
  • တက္ကစီ၊ Uber၊ Grab စသည်
  • ဟိုတယ်တွင် တည်းခိုခြင်း၊
  • နိုင်ငံတကာ(သို့) ခရီးသွားလာခြင်းအတွက် လိုအပ်သည့် ဆရာဝန်ညွှန်ကြားသော ဆေးဝါး (သို့) ကာကွယ်ဆေး။ ဆေးဝါးညွှန်ကြားချက် (သို့) ကာကွယ်ရေးကုန်ကျစရိတ်ကို ခရီးသွားသူ၏ ကိုယ်ပိုင်ဆေးကုသမှုအာမခံဘက်မှ အကုန်အကျခံပေးခြင်း မရှိပါက ကုန်ကျစရိတ် အလုံးစုံကို ပြန်လည်တောင်းခံနိုင်သည်။ ဆရာဝန်၏ ညွှန်ကြားချက် မရှိဘဲ ဝယ်ယူသော ဆေးဝါးများအတွက် ကုန်ကျစရိတ်ကို ပြန်လည်တောင်းခံ၍မရပါ။
  • ဗီဇာ ကုန်ကျစရိတ်၊ အဝတ်လျှော်ကုန်ကျစရိတ် (လုပ်ငန်းဆိုင်ရာ ခရီးသွားခြင်းသည် အလုပ်ရက် ၇ ရက်ထက် ကျော်လွန်သောအခါ)
  • လုပ်ငန်းအဖွဲ့၏ လုပ်ငန်းကို လုပ်ဆောင်ရန်အတွက် ကျသင့်သည့် ဆက်သွယ်မှု ကုန်ကျစရိတ်များ။ data roaming ကို လိုအပ်မှသာ အသုံးပြုရမည်။
  • ကာစတန်မာအား လုပ်ငန်းဆိုင်ရာ ဖျော်ဖြေမှု

လုပ်ငန်းသဘောအရ တည်ခင်းဧည့်ခံခြင်းနှင့် ဖျော်ဖြေတင်ဆက်မှု

  • လုပ်ငန်းသဘောအရ တည်ခင်းဧည့်ခံခြင်းနှင့်ဖျော်ဖြေတင်ဆက်မှုများသည် လက်ရှိလုပ်ငန်း လုပ်ကိုင်နေမှုနှင့် “တိုက်ရိုက်ဆက်နွှယ်မှုရှိပါက” (သို့) “ဆက်စပ်မှုရှိပါက” ထိုက်သင့်သည့် ကုန်ကျစရိတ်ကို ပြန်လည်တောင်းခံနိုင်ပါသည်။
  • တိုက်ရိုက်ဆက်နွှယ်မှုရှိခြင်း။ ယေဘုယျအားဖြင့် လုပ်ငန်းသဘောအရ တည်ခင်းဧည့်ခံခြင်း နှင့် ဖျော်ဖြေတင်ဆက်မှုသည် အောက်ပါ အခြေအနေ (၃) ရပ်နှင့် ကိုက်ညီပါက တိုက်ရိုက်ဆက်နွှယ်မှုရှိသည်။
  • တည်ခင်းဧည့်ခံခြင်း (သို့) ဖျော်ဖြေမှုပြုလုပ်ခြင်းအတွက် ကုမ္ပဏီသည် ဝင်ငွေရရှိနိုင်ခြေ (သို့) အကျိုးအမြတ်တစ်ခု ရရှိနိုင်ခြေ မြင့်မားစွာရှိသည်။ သို့သော် ကုမ္ပဏီသည် အဆိုပါ ဝင်ငွေ (သို့) လုပ်ငန်းအကျိုးအမြတ်ကို အမှန်တကယ်ရရှိကြောင်း ဖော်ပြရန် မလိုပါ။
  • ကုမ္ပဏီသည် အမှန်တကယ်ပင် တည်ခင်းဧည့်ခံချိန် (သို့) ဖျော်ဖြေတင်ဆက်မှုလုပ်နေချိန်တွင် လုပ်ငန်းနှင့်သက်ဆိုင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
  • ကုန်ကျစရိတ်၏ ပင်ကိုယ်သဘာဝသည် ကုန်သွယ်မှု (သို့) လုပ်ငန်း၏ လက်ရှိလုပ်ဆောင်မှုဖြစ်သည်။

နေ့တွက်စရိတ် (တစ်ရက်စာ)

    • ခရီးစရိတ်၏ ရည်ရွယ်ချက်မှာ လုပ်ငန်းဆိုင်ရာရည်ရွယ်ချက်ဖြင့် ခရီးသွားချိန်အတွင်း ဝန်ထမ်းများ ငွေကြေးဆိုင်ရာ ဆုံးရှုံးမှု မဖြစ်စေရန် နှင့် ဝန်ထမ်းများ ငွေကြေးအမြတ်အစွန်းရနိုင်သည့် ငွေသားမက်လုံးတစ်ခု မပေးမိရန် ဖြစ်သည်။
    • ကုမ္ပဏီမှ အကုန်အကျခံ၍ အစားအသောက်များ စီစဉ်ပေးထားသော ဆွေးနွေးပွဲများ/ သင်တန်းများ/ နှီးနှောဖလှယ်ပွဲများအတွက် ဝန်ထမ်းများကို ကုမ္ပဏီအခြေစိုက်မြို့ပြင်ပ/ နိုင်ငံရပ်ခြားသို့ စေလွှတ်သည့်အခါ ထောက်ပံ့ကြေး မပေးပါ။
    • အောက်ဖော်ပြပါဇယားတွင် ပါရှိသည့်အတိုင်း ကုမ္ပဏီအခြေစိုက်မြို့ပြင်ပနှင့် နယ်မြို့များသို့ ခရီးသွားလာရခြင်းများအတွက် နေ့တွက်စရိတ်ကို တောင်းခံနိုင်သည်။ ဖော်ပြမထားသော နိုင်ငံများအတွက် ခရီးမထွက်ခွာခင် ဝန်ထမ်းရေးရာဌာနမှ လမ်းညွှန်ချက် တောင်းခံပါ။
    • ဒါရိုက်တာများနှင့် ဌာနမှူးများမှအပ ကျန်ဝန်ထမ်းအားလုံးသည် ဤထောက်ပံ့ကြေးကို တောင်းခံနိုင်သည်။

ဖျော်ဖြေရေးစရိတ် (တစ်နေ့စာ) မှာ အောက်ပါအတိုင်းဖြစ်သည်။

နိုင်ငံရပ်ခြား လုပ်ငန်းဆိုင်ရာ ခရီးသွားခြင်း
အလုပ်ခန့်အပ်မှုစာချုပ်၌ မပါဝင်သော အခြေစိုက်နိုင်ငံများအားလုံး USD 35
  • ဤမူဝါဒသည် အမြဲတမ်းအလုပ်ခန့်အပ်မှုစာချုပ် ချုပ်ဆိုထားသောဝန်ထမ်းများသာ အကျုံးဝင်ပါသည်။
  • ထိုမြို့/နိုင်ငံတွင် ဝန်ထမ်း ရောက်ရှိနေသည့် နေ့ရက်များအပေါ် မူတည်၍ တစ်နေ့စာကို တွက်ချက်သည်။
  • ထွက်ခွာချိန်နှင့် ပြန်လည်ရောက်ရှိချိန်သည် ၂၄ နာရီအတွင်းရှိနေသော ခရီးတိုများအတွက် တစ်နေ့စာ တွက်ယူသည့်အခါ (၁) ရက်အဖြစ် သတ်မှတ်သည်။
  • လုပ်ငန်းဆိုင်ရာ တည်ခင်းဧည့်ခံခြင်းတွင် လုပ်ငန်းအဖွဲ့အဖွဲ့ဝင် (၂) ဦး (သို့) (၂) ဦးထက် ပိုရမည်။ လုပ်ငန်းဆိုင်ရာ တည်ခင်းဧည့်ခံခြင်းတွင် ကုမ္ပဏီမှ ဝန်ထမ်း (၂) ဦး (သို့) (၂) ဦးထက်ပို၍ ပါဝင်ပြီး ကုမ္ပဏီ ကိုယ်စားလှယ်တစ်ဦးက အစားအသောက်ဖိုး ရှင်းရမည်ဆိုပါက လုပ်ငန်းအဖွဲ့အတွင်း ရာထူးအမြင့်ဆုံးသူသည် ကုန်ကျစရိတ်များကို ကျခံ၍ ပြန်လည်တောင်းယူရမည်။

ပြန်လည်တောင်းခံ၍ မရသော ကုန်ကျစရိတ်များ

အောက်ဖော်ပြပါများကို ကိုယ်ရေးကိုယ်တာအသုံးစရိတ်များအဖြစ် သတ်မှတ်၍ ကုမ္ပဏီမှ ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။

  • နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်း/အသစ်ပြန်လုပ်ခြင်း နှင့် ဗီဇာလျှောက်ထားခြင်းများအတွက် ဓာတ်ပုံဖိုး ကျသင့်ငွေ
  • လုပ်ငန်းဆိုင်ရာ ဖျော်ဖြေရေးတွင် မပါဝင်သော လုပ်ဖော်ကိုင်ဖက်များနှင့် စားသောက်စရိတ်
  • လုပ်ငန်းဆိုင်ရာ ဖျော်ဖြေရေးတွင် မပါဝင်သော တစ်ကိုယ်ရေ စားသောက်မှုအတွက် အစားအစာနှင့် သောက်စရာများ
  • ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ ဆေးဆိုင်မှ ဝယ်ယူသော ဆေးဝါးများ
  • အခန်းတွင်း ရုပ်ရှင်ဇာတ်ကားများ
  • အခန်းဝန်ဆောင်မှုများ
  • ဆံပင်ညှပ်ဆရာ/ဆံသဆရာ ဝန်ဆောင်မှု
  • ကိုယ်ရေးကိုယ်တာ လက်ဆောင်ပစ္စည်းများ
  • တစ်ကိုယ်ရေ ဖျော်ဖြေမှု
  • ကိုယ်ရေးကိုယ်တာဆန်သော ကုန်ကျစရိတ်များ

ပုဂ္ဂလပိုင်ပစ္စည်းများ ပျောက်ဆုံးခြင်း (သို့) ခိုးယူခံရခြင်း

ပေါ့ဆမှုကြောင့် ကုမ္ပဏီပိုင်ပစ္စည်းများ ပျောက်ဆုံးခြင်း/ပျက်စီးခြင်း တစ်စုံတစ်ရာအတွက် အစားထိုးကုန်ကျစရိတ်ကို ဝန်ထမ်းများမှ အပြည့်အဝ တာဝန်ယူရမည်။ တောင်းဆိုပိုင်ခွင့် (သို့) တစ်စိတ်တစ်ပိုင်း အစားထိုးသည့် ကုန်ကျစရိတ်အတွက် အဖွဲ့ဝန်ထမ်းရေးရာမှ ဖြစ်စဉ်တစ်ခုချင်းစီ ပြန်လည်ဆန်းစစ်မည်။

အလုပ်ခန့်အပ်ခြင်းဆိုင်ရာမူဝါဒ

Policy > ရိုးမအုပ်စု၏မူဝါဒနှင့်လမ်းညွှန်ချက်များ > အလုပ်ခန့်အပ်ခြင်းဆိုင်ရာမူဝါဒ

ဤမူဝါဒသည် လုပ်ငန်းစုအတွင်းလုပ်ဆောင်သည့် ဝန်ထမ်းခန့်အပ်ခြင်းအားလုံးနှင့် သက်ဆိုင်သည်။ မန်နေဂျာများအနေဖြင့် သက်ဆိုင်ရာအလုပ်ရာထူးများအတွက် ဝန်ထမ်းရွေးချယ်ခန့်အပ်ရာတွင် ဤမူဝါဒကို စံသတ်မှတ်ချက်အဖြစ် ထားရှိရန်ဖြစ်ပါသည်။ နေရာဒေသ၏ ဥပဒေရေးရာစည်းမျဉ်းများ၊ ကျန်းမာရေးနှင့် ဘေးကင်းမှုတို့အပြင် လုပ်ငန်းလည်ပတ်မှု လိုအပ်ချက်တို့အပေါ်မူတည် ပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုသို့ ပြောင်းလဲမှုများရှိပါက ဝန်ထမ်းရေးရာဌာနမှ ပြန်လည်သုံးသပ် အတည်ပြုရမည်ဖြစ်သည်။ လုပ်ငန်းစုအနေနှင့် ဝန်ထမ်းများရွေးချယ်ခန့်အပ်ရေးနှင့် သက်ဆိုင်သော ဥပဒေများနှင့်အညီ တာဝန်ယူဆောင်ရွက်သွားရပါမည်

SPA/FMI/YSH တို့အတွက် ဝန်ထမ်းရွေးချယ်ခန့်အပ်ရာတွင် အရှိန်အဝါသုံးစွဲခြင်း၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယုံကြည်ချက်၊ ကျား-မ ခွဲခြားမှု၊ အသက်အရွယ် ၊ အပျိုလူပျိုနှင့် အိမ်ထောင်ရှိခြင်းမရှိခြင်းအပေါ်ခွဲခြားမှု၊ နေရင်းဒေသခွဲခြားမှုတို့ကို ဖိုမလက္ခဏာ အသားပေးဖော်ထုတ်မှု စသည်တို့အပေါ် အခြေမခံဘဲ အရည်အချင်း ပေါ်မူတည်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစွာ ရွေးချယ်ရပါမည်။

ဝန်ထမ်းလစ်လပ်နေရာ ရာထူးများကို ရုံးတွင်းကြေညာမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ရာထူးအဆင့်အတွက် လိုအပ်သော အရည်အချင်းပြည့်မီသည့် ဝန်ထမ်းတိုင်း အခွင့်အရေးရရှိမည်ဖြစ်သည်။ ပြင်ပရှိသူများအား ရွေးချယ်ခန့်အပ်ခြင်းကိုလည်း သင့်လျော်သကဲ့သို့ တစ်ချိန်တည်းမှာ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် ဤမူဝါဒကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

Group Human Resources Talent Acquisition (Group HR) သည် မူဝါဒတိုးတက်ဖြစ်ထွန်းရေး၊ အကောင်အထည်ဖော်ခြင်း နှင့် ပြန်ကြားဆက်သွယ်ခြင်းတို့ကို ဆောင်ရွက်ရန် တာဝန်ရှိပါသည်။

ခန့်အပ်ထားခြင်းခံရသောမန်နေဂျာသည် ဘတ်ဂျက်အပါအဝင် လိုအပ်သောခွင့်ပြုချက်များ၊ ဝန်ထမ်းလစ်လပ်ရာထူးနေရာနှင့်ပတ်သက်သည့် တာဝန်ခွဲအပ်ခြင်းများနှင့် လိုအပ်ချက်တို့ကို အတည်ပြုပေးခြင်း၊ အလုပ်ခန့်လွှာ (ERF) အပြည့်အစုံနှင့် လုပ်ငန်းတာဝန်သတ်မှတ်ချက် (JD) တို့ကိုစီစဉ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးရန် တာဝန်ရှိပါသည်။

Group HR သည် လုပ်ငန်းစုအနှံ့ရှိ အလုပ်အမှုဆောင်အဖွဲ့နှင့် အကြီးတန်းအရာရှိများကို စီမံခန့်ခွဲပြီး အဖွဲ့အတွင်းရှိ လုပ်ငန်းများအား လည်ပတ်စေပါမည်။ Group HR အနေဖြင့် လိုအပ်ပါက လုပ်ငန်းဌာနများတွင် ဝန်ထမ်းခန့်အပ်ခြင်းအတွက် ကူညီပေးမည်ဖြစ်သော်လည်း သာမန်အားဖြင့် လုပ်ငန်းဌာနတစ်ခုတွင် စီမံခန့်ခွဲမှု အဆင့်မဟုတ်သော ဝန်ထမ်းရွေးချယ်ခန့်အပ်မှုများကို လုပ်ငန်းဌာန HR မှသာ စီမံခန့်ခွဲရပါသည်။ ဝန်ထမ်းအသစ်ခန့်အပ်မှုအတွက် လိုအပ်သော အတည်ပြုမှုများ အဆင်ပြေချောမွေ့စေရန်၊ မည်သည့်နည်းလမ်းဖြင့် ဝန်ထမ်းသစ်ရှာဖွေရမည့်အပေါ် ဆုံးဖြတ်ပေးရန်နှင့် သင့်လျော်မှန်ကန်သောဝန်ထမ်းရွေးချယ်မှုဖြစ်စေရန်မှာ Group HR နှင့် Entity HR တို့တွင် တာဝန်ရှိပါသည်။

အလုပ်ခန့်အပ်မည့် မန်နေဂျာနှင့် Group HR/ Entity HR တို့သည် အကျိုးစီးပွားဆိုင်ရာ သဘောထားကွဲလွဲမှုနှင့် ပတ်သက်၍ အကဲဖြတ်ရန်တာဝန်ရှိပြီး ထိုအချက်ကို ဝန်ထမ်းခန့်အပ်ခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် ရာထူးအဆင့် တိုးမြှင့်ပေးခြင်းတို့တွင် ထည့်သွင်းစဉ်းစားပေးရန် လိုပါသည်။

မန်နေဂျာတစ်ဦးသည် ဝန်ထမ်းတစ်ဦးအား အစားထိုးလိုခြင်းဖြစ်စေ၊ ထပ်မံခန့်အပ်လိုခြင်းဖြစ်စေ ERF ပုံစံကို ဖြည့်စွက်ရပါမည်။ ဝန်ထမ်းအသစ်ခန့်အပ်ရန် လျှောက်ထားချက်ကို လုပ်ငန်းဌာနအကြီးအကဲ၏ ခွင့်ပြုချက်နှင့် သက်ဆိုင်ရာ HR မန်နေဂျာ (သို့) HR ကိုယ်စားလှယ်၏ အတည်ပြုချက် ရရှိရန်လိုအပ်ပါသည်။

ERF တွင် လျော်ကန်သော ကျိုးကြောင်းပြချက်ကို ထည့်သွင်းဖော်ပြရပါမည်။ ထည့်သွင်းရမည့် အချက်များမှာ-

  • ဝန်ထမ်းအသစ်လိုအပ်ခြင်းအတွက် အကြောင်းပြချက်
  • ရာထူး၊ လစာနှင့် အစားထိုးခံရမည့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်း (သက်ဆိုင်ပါက)
  • လုပ်ငန်းတာဝန်သတ်မှတ်ချက်
  • အလုပ်စတင်ထမ်းဆောင်ရမည့်နေ့စွဲ
  • အခြားသတင်းအချက်အလက်(ဥပမာ-ရာထူးနေရာသစ်အတွက်လစာနှုန်း)
  • သတ်မှတ်ထားသည့် ဘတ်ဂျက်အတွင်းရှိ၊မရှိ အပြင် ဘတ်ဂျက်ကို ကျော်လွန်နေပါက ကျော်နေသည့် ပမဏကို ဖော်ပြရန် နှင့်ထိုအပိုဘတ်ဂျတ်ကို မည်ကဲ့သို့ ရှာဖွေနိုင်ကြောင်း
  • ဘတ်ဂျက်ထက်ပိုငွေ ကျိုးကြောင်းခိုင်လုံလျှင် ခြားနားငွေအတွက် ကာမိစေရန်ညှိနှိုင်းမှုလုပ်ခြင်း
  • အင်တာဗျူးလုပ်သူ၏အမည်များ

ကုမ္ပဏီသည် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား တတ်နိုင်သမျှ အခွင့်အရေးများ ပေးလိုပါသည်။ လုပ်ငန်းစုအတွင်း လစ်လပ်နေသည့် ရာထူးနေရာများကို လျှို့ဝှက်စရာအကြောင်းမရှိပါက လုပ်ငန်းစုတစ်ခုလုံး သိရှိအောင် Yoma Connect မှတစ်ဆင့် အသိပေးကြေညာသွားပါမည်။ အကယ်၍ ရိုးမဝန်ထမ်းတစ်ဦးမှ လျှောက်ထားလိုပါက Yoma Connect စာမျက်နှာများပေါ်ရှိ အလုပ်အကိုင်ကဏ္ဍမှတစ်ဆင့် လျှောက်ထားရပါမည်။ ဝန်ထမ်းသည် လျှောက်လွှာစာရွက်ကို ပြည့်စုံစွာရေးသွင်းခြင်းဖြင့် ရိုးမအုပ်စု၏ လက်ရှိဝန်ထမ်းတစ်ဦးဖြစ်ကြောင်း အတည်ပြုရမည်ဖြစ်သည်။ လုပ်ငန်းစုအတွင်းမှ ဝန်ထမ်းများအား အလုပ်နေရာခေါ်ယူခြင်းကို Group Talent Acquisition မှ တာဝန်ယူစီမံပါသည်။

မည်သည့်ဝန်ထမ်းမဆို လက်ရှိ အလုပ်ရာထူးတွင်အနည်းဆုံး (၁၈)လ တာဝန်ထမ်းဆောင်ပြီးမှသာ လုပ်ငန်းစုအတွင်း အခြားရာထူးနေရာတစ်ခုအတွက် လျှောက်ထားနိုင်ပါသည်။ မန်နေဂျာများအနေဖြင့် သူတို့၏ လက်အောက်ဝန်ထမ်းများမှ လုပ်ငန်းအတွင်း အခြားအခွင့်အလမ်းရှာဖွေခြင်းကို ဟန့်တားနိုင်ခြင်း မရှိသော်လည်း ရာထူးနေရာအသစ်တစ်ခုသို့ အတည်ပြု မပြောင်းရွှေ့မီ သိရှိထားရပါမည်။ လျှောက်ထားသူ၏ လက်ရှိမန်နေဂျာမှ သဘောတူခြင်းရှိမရှိကို Group Talent Acquisition နှင့် ရာထူးနေရာအသစ်၏ မန်နေဂျာမှ မေးမြန်းရပါမည်။ လက်ရှိမန်နေဂျာအနေနှင့် အဆိုပါ ဝန်ထမ်း၏ စွမ်းဆောင်ရည်နှင့် လျှောက်ထားသည့် ရာထူးနေရာအသစ်နှင့် သင့်လျော်ခြင်းရှိ၊မရှိ စသည့် အကြံပြုချက်များကို ပေးနိုင်ပါသည်။ လစာနှုန်းထားနှင့်ပတ်သက်၍ Group Talent Acquisition မှ ဝန်ထမ်းနှင့် ညှိုနှိုင်းသွားမှာဖြစ်ပါသည်။ Group HR အကြီးအကဲမှ လက်ရှိစီမံခန့်ခွဲရေးအဖွဲ့နှင့်ဆွေးနွေးပြီး သဘောတူညီမှု ရရှိထားပါက ပြောင်းရွှေ့မည့် ဝန်ထမ်းသည် လက်ရှိဌာနတွင် လုပ်သက် (၁၈) လကြာ တာဝန်ထမ်းဆောင်ထားရမည်ဟူသော သတ်မှတ်ချက်ကို လိုက်နာကျင့်သုံးရန် မလိုပါ။

အလုပ်ရာထူး ပြောင်းရွှေ့လိုသည့် ဝန်ထမ်းအနေဖြင့် မိမိ၏ လက်ရှိမန်နေဂျာနှင့် ဆွေးနွေးတိုင်ပင်ရန် အကြံပြုသော်လည်း လုပ်သက် ၁၈ လကြာ တာဝန်ထမ်းဆောင်ပြီးသော ဝန်ထမ်းများအနေဖြင့် ဤအချက်ကို မဖြစ်မနေလုပ်ဆောင်ရန် မလိုပါ။

ဝန်ထမ်းတစ်ယောက်သည် အခြားလုပ်ငန်းဌာန တစ်ခုသို့ပြောင်းရွှေ့သွားသည့်အခါ (အလုပ်ပြောင်းခြင်းကြောင့် အလုပ်နားခြင်း သို့ အလုပ်မှ ရပ်ဆိုင်းခြင်းများ မရှိပါက) သူ၏လုပ်သက်ကို တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ လုပ်သက်အဖြစ် သတ်မှတ်ပါသည်။

ရာထူးနေရာ လစ်လပ်မှုများကို လုပ်ငန်းစုအတွင်း ကြေညာသွားမည်ဖြစ်သော်လည်း ပြင်ပမှ လူသစ်စုဆောင်း တွေ့ဆုံခြင်းများကိုလည်း အလျဉ်းသင့်သလို တစ်ပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်သည်။

ကြေညာချက်များသည် ဥပဒေဆိုင်ရာလိုအပ်ချက်များနှင့် ဝန်ထမ်းခန့်အပ်ခြင်း မူဝါဒတို့နှင့် ကိုက်ညီမှုရှိစေရန်မှာ HR မန်နေဂျာ၏ တာဝန်ဖြစ်ပါသည်။

Group HR နှင့် လုပ်ငန်းဌာနဆိုင်ရာ HR သည် ဝန်ထမ်းသစ်ရှာဖွေမှုအတွက် လိုအပ်သော လှုပ်ရှားမှုလုပ်ငန်းစဉ်များကို အလုပ်ခန့်အပ်မည့် မန်နေဂျာနှင့်အတူ လုပ်ဆောင်သွားပါမည်။ လှုပ်ရှားမှုများတွင် ကြော်ငြာခြင်း၊ ရုံးဌာနရှိ ကြော်ငြာဘုတ်နံရံတွင် ကပ်ထားခြင်း၊ ကုမ္ပဏီ ဝက်ဘ်ဆိုက်များ၊ Linkedln နှင့် အခြား နည်းလမ်းများနှင့် လိုအပ်ပါက Referral policy ကိုလည်း ကျင့်သုံးသွားမှာဖြစ်ပါသည်။ ပြင်ပအေဂျင်စီကို အသုံးပြုမည်ဆိုပါက Group HR မှသာလျင် အတည်ပြုပေးခွင့်ရှိမည်ဖြစ်ပါသည်။

အချို့သောကိစ္စများတွင် လုပ်ငန်းစုရှိဘဏ္ဍာရေးဌာန၏ အတည်ပြုချက်၊ လုပ်ငန်းဌာနအကြီးအကဲနှင့် Group HR ၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းရှာဖွေသည့် အေဂျင်စီများကို အသုံးပြုရမှာဖြစ်ပါသည်။ လုပ်ငန်းစုမှ သတ်မှတ်ပေးသည့် ဘတ်ဂျတ်သတ်မှတ်ချက် နှင့် အတည်ပြုချက်များဖော်ပြထားသည့် အတည်ပြုစာရှိရန် လိုအပ်ပါသည်။

Group HR အနေဖြင့် အထွေထွေသဘောတူညီချက် နှင့် သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် သဘောတူညီချက် နှစ်မျိုးစလုံးအတွက်တာဝန်ရှိပြီး ဝန်ထမ်းရှာဖွေသည့် အေဂျင်စီများနှင့် သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်သည်။ အေဂျင်စီများအနေဖြင့် တောင်းခံမှုမရှိသည့် ကိုယ်ရေးအချက်အလက်များအတွက်ဖြစ်စေ၊ အတည်ပြုခြင်း မရှိသည့် အေဂျင်စီမှ ကိုယ်ရေးအချက်အလက် ပေးပို့ခြင်းများအတွက် အခကြေးငွေရရှိမည် မဟုတ်ပါ။

ခန့်အပ်မည့်သူအားလုံး

လစ်လပ်နေရာအားလုံး (သို့) ရာထူး နေရာသစ်အတွက် လူရွေးချယ်ခြင်း

  • လူတွေ့စစ်ဆေးမှု ပြီးဆုံးပြီးနောက် အင်တာဗျူး အကဲဖြတ်လျှောက်လွှာဖောင်ကို အမြန်ဆုံးဖြည့်စွက်ရန်။
  • လူတွေ့စစ်ဆေးမှုကိုအနည်းဆုံး စစ်ဆေးသူ (၂)ဦးမှပြုလုပ်ရန် (သက်ဆိုင်ရာ မန်နေဂျာနှင့် HR ကိုယ်စားလှယ်တစ်ဦး)
  • အနည်းဆုံး အင်တာဗျူးတစ်ခုကို လူချင်းတွေ့ပြီး ပြုလုပ်ရန်။
  • အလုပ်ခန့်အပ်ရေးအဖွဲ့တွင် အနည်းဆုံး အမျိုးသမီးတစ်ဦး ပါဝင်အောင် ဖွဲ့စည်းထားရန်။

အကြီးတန်းနှင့် အကြီးအကဲရာထူးအဆင့်ရှိ ဝန်ထမ်းခန့်အပ်ရေး

အကြီးတန်းနှင့် အကြီးအကဲ ရာထူးအဆင့်ရှိ ဝန်ထမ်းများ ခန့်အပ်ရေးကိုလည်း အထက်ဖော်ပြပါ လုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်သွားမှာဖြစ်သော်လည်း လူတွေ့မေးမြန်းမှု အကြိမ်အရေအတွက်ကို လုပ်ငန်းဌာန၏အကြီးအကဲနှင့် Group HR မှ လိုအပ်သလို ပြောင်းလဲသတ်မှတ်ပေးသွားမှာဖြစ်ပါသည်။ လျှောက်ထားသူများအနက် အလားအလာရှိသူများကို ရွေးချယ်ရာတွင် အမျိုးသမီးတစ်ဦး အနည်းဆုံးပါရှိရန် လိုအပ်ပါသည်။

ပြည်ပမှအလုပ်လျှောက်သူများသည် အလုပ်ခန့်အပ်ခြင်း အတည်မပြုမီ Group Head HR မှ ကိုယ်တိုင် လူတွေ့စစ်ဆေးမှုကို ခံယူရပါမည်။ လူတွေ့စစ်ဆေးမှုအတွက် မြန်မာနိုင်ငံသို့ ခေါ်ယူခြင်းခံရသော နိုင်ငံခြားသားများ အနေဖြင့် အလုပ်ခန့်အပ်ခြင်းခံရပါက ကုန်ကျခဲ့သည့် လေယာဉ်စရိတ်ကို ပြန်လည်ထုတ်ပေးသွားပါမည် ။ နေထိုင်စရိတ်နှင့် မြန်မာနိုင်ငံအတွင်းခရီးသွားလာ စရိတ်များကို အလုပ်ခန့်အပ်သည့် လုပ်ငန်းဌာနမှ ကျခံပေးပါမည်။

ဝန်ထမ်းများသည် လစ်လပ်နေသောအလုပ်နေရာများအတွက် လိုအပ်သောအရည်အချင်းနှင့် ပြည့်မီမှုရှိသောသူတို့၏ အသိမိတ်ဆွေများကို လူတွေ့စစ်ဆေးမှုများတွင် ပါဝင်ဖြေဆိုရန် အကြံပြုတိုက်တွန်းစေလိုပါသည်။ လစ်လပ်ရာထူးနေရာများကို jobs.yoma.com.mm မှတဆင့် ဝေမျှပေးစေလိုပါသည်။

မိတ်ဆက်ပေးသာဝန်ထမ်းအနေဖြင့် အလုပ်လျှောက်ထားသူသည် ၎င်း၏ အသိအကျွမ်းမိတ်ဆွေဖြစ်ကြောင်း (သို့) ဆွေမျိုးတော်စပ်ကြောင်းကို HR သို့ တင်ပြရန်လိုအပ်ပြီး ခန့်အပ်ရွေးချယ်မှု လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။

မိသားစုဝင်အရင်းအခြာများနှင့် ဆွေမျိုးများကို အလုပ်ခန့်အပ်မှုများအတွက် စီမံခန့်ခွဲရေးအဖွဲ့မှ အထူးသတိထား၍ ဆုံးဖြတ်ရပါမည်။ ဝန်ထမ်း၏ မိသားစုဝင်အရင်းအခြာများနှင့် ဆွေမျိုးများကို လုပ်ငန်းဌာန တစ်ခုတည်း(သို့) ဌာနတစ်ခုတည်းတွင်အတူခန့်ထားခြင်းမပြုရပါ။ထို့အပြင် မိသားစုဝင်၊ ဆွေမျိုးတော်စပ်သူ အချင်းချင်း ထိန်းချုပ်ခြင်း၊ လွှမ်းမိုး ချယ်လှယ်မှုများပြုလုပ်နိုင်ခြင်းနှင့် တိုးတက်အောင်မြင်ရေးအပေါ် သက်ရောက်မှုရှိနိုင်သည့် ရာထူးနေရာမျိုးတွင်လည်း မခန့်အပ်ရပါ။

မိသားစုဝင်အရင်းအခြာ သို့မဟုတ် ဆွေမျိုးများဟု ဆိုရာတွင် ဝန်ထမ်း၏ ဇနီး/ခင်ပွန်း၊ မိဘ၊သားသမီး၊ ညီအစ်ကိုများ၊ ညီအစ်မများ၊ အရင်းဖြစ်စေ ဥပဒေအရမွေးစားခြင်းဖြစ်စေ (သို့) ယောက္ခမ၊ ယောက္ခထီး၊ ယောက်ဖ ၊ ယောင်းမ (ဥပဒေအရဖြစ်စေ ထုံးတမ်းစဉ်လာအရဖြစ်စေ) တို့ပါဝင်ပါသည်။

အထက်ပါတားမြစ်ချက်များအနက်တစ်ခုခုကို မရှောင်လွဲနိုင်ပါက CEO ၏ အတည်ပြုချက်ဖြင့်သာ ချွင်းချက်အဖြစ် ခွင့်ပြုနိုင်ပါသည်။

အလုပ်မခန့်မီ အောက်ပါစာရွက်စာတမ်းများကို ပေးအပ်ရမည်။

  • အလုပ်သမားမှတ်ပုံတင်ကဒ်ပြား (သို့) မြန်မာနိုင်ငံသားမဟုတ်သူများအတွက် နိုင်ငံကူးလက်မှတ် မိတ္တူ၊
  • နောက်ဆုံးရ ကိုယ်ရေးအချက်အလက်များ
  • ယခင်ကုမ္ပဏီတွင် နောက်ဆုံးရခဲ့သော လစာထုတ်ပေးသည့်ဖြတ်ပိုင်း (သို့) လစာအထောက်အထား
  • အလုပ်လျှောက်သူ အစီရင်ခံသည့်မန်နေဂျာ အနည်းဆုံး (၂) ဦးထံမှ ထောက်ခံစာ။ မိသားစုဝင်များ၊ မိတ်ဆွေများ (သို့) လုပ်ဖော်ကိုင်ဖက်များ၏ ထောက်ခံစာများကို အသုံးပြုခွင့်မရှိပါ။
  • မြန်မာနိုင်ငံတွင်နေထိုင်သူများ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာနှင့် အိမ်ထောင်စုစာရင်း၊

တာဝန်စတင်မထမ်းဆောင်မီ အောက်ပါတို့ကို ပေးအပ်ရမည်။

  • ပညာအရည်အချင်းဘွဲ့လက်မှတ်
  • အလုပ်ခန့်အပ်ရန်လက်ခံကြောင်းလိုအပ်သည့်စာရွက်စာတမ်းများ

အစားအသောက်ဆိုင်ရာ စီမံကိုင်တွယ်ရသည့်အလုပ်နှင့် လူနာများနှင့်အနီးကပ် လုပ်ကိုင်ရမည့်သူများအနေဖြင့် အလုပ်မခန့်အပ်မီ ကျန်းမာရေးကောင်းကြောင်း ဆေးစစ်ချက်ရလဒ်ကို တင်ပြနိုင်ရန်လိုအပ်သည်။ ယင်းသို့ ဆေးစစ်ရန်လိုအပ်သော အလုပ်အကိုင်မျိုးအတွက် အလုပ်ကြော်ငြာစာတွင် ထည့်သွင်းဖော်ပြရန်နှင့် လူတွေ့စစ်ဆေးချိန်တွင်လည်း အသိပေးရပါမည်။

Group/Entity HR မှ ထောက်ခံချက်ကို အနည်းဆုံး နှစ်ကြိမ်စစ်ဆေးပြီး အတည်ပြုရပါမည်။ ထောက်ခံချက်ကို အလုပ်လျှောက်သူ၏ ယခင်မန်နေဂျာများနှင့် စစ်ဆေးမေးမြန်းရပါမည်။ မိသားစုဝင်များ၊ မိတ်ဆွေများ (သို့) လုပ်ဖော်ကိုင်ဖက်များထံမှ ရရှိသည့် ထောက်ခံချက်ကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

ဝန်ထမ်းလိုအပ်ချက်ပုံစံ (ERF)တွင် လစာနှုန်းထားနှင့် ယင်းရာထူးအဆင့်တွင် ရရှိနိုင်မည့် အကျိုးခံစားခွင့်များကို ထည့်သွင်းဖော်ပြရပါမည်။ Group HR/Entity HR မှ ယင်းလစာနှုန်း အပိုင်းအခြားအတွင်း အကျုံးဝင်သည့် လစာကို ညှိနှိုင်းမှုပြုလုပ်ပေးရပါမည်။ နောက်ဆုံးအဆင့် အလုပ်ခန့်အပ်ခြင်းမတိုင်မီ Group HR နှင့် Entity HRမှ ပြောင်းလဲမှုများအတွက် ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် လုပ်ငန်းဌာန အကြီးအကဲနှင့် အမြဲချိတ်ဆက်ဆွေးနွေးရန် လိုအပ်ပါသည်။ (သို့ရာတွင် ပြောင်းလဲမှုများသည် ယခင် သတ်မှတ်ထားသည်များထက် ကျော်လွန်သွားပါက သက်ဆိုင်ရာ အတည်ပြုချက်များ ရရှိရန် လိုအပ်ပါသည်။)

လုပ်ငန်းစုနှင့်အသားကျမှုရှိစေရန် ပြုလုပ်ပေးသောအစီအစဉ် ဝန်ထမ်းမိတ်ဆက်ရေး အစီအစဉ် (Group Orientation Program) တွင်ပါဝင်ကြရပါမည်။ လစဉ်ပြုလုပ်သော လုပ်ငန်းစုအလိုက် အစီအစဉ်များလည်းရှိပါသည်။

ဝန်ထမ်းသစ်အားလုံးအတွက် အလုပ်စတင်ဝင်ရောက်သည့်နေ့မှစ၍ ပထမ (၃)လသည် အစမ်းခန့်ကာလ ဖြစ်ပါသည်။ ဝန်ထမ်းအသစ်များမှ အစမ်းခန့်ကာလကို အောင်မြင်စွာ ပြီးဆုံးသွားနိုင်ရန် အလုပ်ခန့်အပ်ထားသည့် မန်နေဂျာအနေဖြင့် လုပ်ငန်းမျှော်မှန်းချက်များနှင့် လိုအပ်ချက်များကို ဝန်ထမ်းအသစ်များ သိရှိအောင် အသိပေးရမည့် တာဝန်ရှိပါသည်။

စည်းကမ်းရေးရာ အရေးယူမှု

အကျိုးဖြစ်ထွန်း၍ ထိရောက်မှုရှိသော အဖွဲ့တစ်ခုအဖြစ် ဝန်ထမ်းများအားလုံး အတူတကွ လုပ်ကိုင်နိုင်သည့် လုပ်ငန်းခွင်တစ်ခုကို ကူညီဖန်တီးရန်။

ဝတ္တရားအပေါ် တာဝန်ယူမှု ရှိစေရန်နှင့် မိမိ၏ အလုပ်၊ ရိုးမအုပ်စုပိုင်ပစ္စည်း၊ လုပ်ဖော်ကိုင်ဖက်များ နှင့် အထက်လူကြီးများအပေါ်တွင် လေးစားမှု ရှိလာစေရန်။

ပြစ်မှုအမျိုးမျိုးအတွက် ထင်သာမြင်သာရှိသော ပြစ်ဒဏ်များကို သတ်မှတ်ဖော်ပြရန်။

ရိုးမအုပ်စု၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းများအတွက် လုပ်ငန်းစုမှ လက်ခံကျင့်သုံးသည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုနှင့် သက်ဆိုင်သော မူဝါဒများ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အများသိစေရန်။

ယခုဖော်ပြပါမူဝါဒသည် အချိန်ပြည့်ဝန်ထမ်းဖြစ်စေ၊ အချိန်ပိုင်းဝန်ထမ်းဖြစ်စေ ယာယီဝန်ထမ်းများဖြစ်စေ ဝန်ထမ်းများအားလုံးအတွက် အကျုံးဝင်ပါသည်။

လုပ်ငန်းခွင်အား မိတ်ဆက်ပေးချိန်တွင် ဝန်ထမ်းအားလုံးထံ၌ ဝန်ထမ်းလက်စွဲလမ်းညွှန်စာအုပ် မိတ္တူတစ်အုပ်စီ ရှိနေစေရန်အတွက် ဝန်ထမ်းရေးရာဌာနမှ ဆောင်ရွက်ပေးပါမည်။

ဝန်ထမ်းရေးရာစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ၎င်းတို့၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဝန်ထမ်းများအားလုံး လုပ်ငန်းခွင်ကျင့်ဝတ်များကို လိုက်နာမှုရှိစေရန် ကြပ်မတ်ဆောင်ရွက်ရမည့် တာဝန်ရှိပါသည်။

စည်းကမ်းဖောက်ဖျက်၍ အလုပ်မှ ရပ်စဲခြင်း (သို့) ဆိုင်းငံ့ခြင်းများ ပြုလုပ်ရန် စဉ်းစားသည့်ကိစ္စရပ်များတွင် အကြံပြုထားသည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုသည် သင့်လျော်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်နိုင်ရန် ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ရန်မှာ ဝန်ထမ်းရေးရာဌာန၏ တာဝန်ဖြစ်ပါသည်။

ရိုးမအုပ်စု၏ မူဝါဒများနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဝန်ထမ်းများကို ပညာပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပြစ်ဒဏ်ပေးရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ပါ။ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ လုပ်ငန်းအတွင်းရှိ အထွေထွေသော စည်းကမ်းများကို ပြုပြင်ရန်၊ ပြန်လည်မြှင့်တင်ရန်နှင့် ထိန်းသိမ်းရန် ဖြစ်ပါသည်။ ထိုစည်းမျဉ်းစည်းကမ်းများကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်း၊ ကျူးလွန်သော ပြစ်မှုမှာ အလွန်ပြင်းထန်ခြင်း (သို့) ယခင်က ပြစ်မှုကျူးလွန်ထားသည့် ဝန်ထမ်းများကိုသာ ရိုးမအုပ်စုမှ မဖြစ်မနေ အလုပ်မှ ရပ်စဲပစ်မည်ဖြစ်ပါသည်။

သို့သော် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများ ပြုလုပ်ရမည်ဆိုပါက ပြစ်မှု၏ ကြီးလေးမှုအပေါ် မူတည်၍ ပြစ်ဒဏ်များကို အဆင့်ဆင့် ချမှတ်မည်ဖြစ်ပါသည်။ ဝန်ထမ်း၏ နောက်ကြောင်းမှတ်တမ်း နှင့် လုပ်ငန်းစွမ်းဆောင်ရည်ကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။ မှန်ကန်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ရန်အတွက် ပြစ်မှုကျူးလွန်ခြင်း (သို့) စည်းကမ်းချိုးဖောက်ခြင်း ရှိ၊ မရှိ ကို စီမံခန့်ခွဲရေးအဖွဲ့ နှင့် ဝန်ထမ်းရေးရာဌာနမှ ဆုံးဖြတ်ပေးမည်ဖြစ်သည်။

အထက်ပါစည်းကမ်းများသည် လုပ်ငန်းခွင်ကျင့်ဝတ်ပါ စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်ခြင်းများအပေါ် မူတည်ပြီး အောက်ဖော်ပြပါ အချက်များသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု မရှိခြင်းများအတွက် ဖြစ်ပါသည်။

လုပ်ငန်းခွင်ကျင့်ဝတ် ဖောက်ဖျက်မှု

(က) အလုပ်ပျက်ရက် များခြင်း/ အလုပ်တက်ချိန် နောက်ကျခြင်း

(ခ) လုပ်ငန်းစွမ်းဆောင်ရည် ညံ့ဖျင်းခြင်း

(ဂ) စိတ်သဘောထားမမှန်ခြင်း

(ဃ) ရိုင်းပျခြင်း

(င) ကျန်းမာရေး/လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာခြင်း (ရိုးမအုပ်စုပိုင် ပစ္စည်းတစ်စုံတစ်ရာကို ထိခိုက်ခြင်း (သို့) အသက်အန္တရာယ်အား ထိခိုက်စေခြင်း မရှိသည့် အခြေအနေ)

(စ) အထက်တွင် ဖော်ပြထားသည့် ပြစ်မှုများမဟုတ်သည့် မပြင်းထန်သည့် အခြားပြစ်မှုများ ကျူးလွန်ခြင်း

ဝန်ထမ်းကို ဆွေးနွေးအကြံပေးကာ စည်းကမ်းဖောက်ဖျက်မှုကို ဖိုင်ဖြင့် မှတ်တမ်းတင်ထားရမည်။ ထိုပြစ်မှုကို ထပ်မံကျူးလွန်ပါက နှင့်/သို့မဟုတ် အခြားပြစ်မှုများကို ကျူးလွန်ပါက သက်ဆိုင်ရာ ဌာနခွဲမှူး/ဌာနမှူးများက လိုအပ်သလို နှုတ်ဖြင့် သတိပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။ အလုပ်ခန့်အပ်ထားရှိမှု ဖျက်သိမ်းခြင်း (သို့) အလုပ်မှ ရပ်စဲခြင်းများ မပြုလုပ်မီ နှုတ်ဖြင့် သတိပေးခြင်း တစ်ကြိမ် နှင့် စာဖြင့် သတိပေးခြင်း နှစ်ကြိမ် ပြုလုပ်မည်ဖြစ်သည်။

ရိုးမအုပ်စုမှ ဆောင်ရွက်မည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများတွင် ရာထူးတိုးရန် ဆိုင်းငံ့ခြင်း သို့မဟုတ် ရာထူးလျှော့ချခြင်းများ ပါဝင်နိုင်ပါသည်။

အောက်ဖော်ပြပါ ပြစ်မှုများသည် လက်မခံနိုင်သော စည်းကမ်းချိုးဖောက်ခြင်းများဖြစ်သည်၊ ထို့ကြောင့် အဆိုပါ ပြစ်မှုများကို ကျူးလွန်ပါက အလုပ်မှ ရပ်စဲခြင်း၊ အလုပ်ခန့်အပ်ထားရှိမှု ဖျက်သိမ်းခြင်း၊ ရာထူးတာဝန်မှ ဆိုင်းငံ့ခြင်း၊ ရာထူးလျှော့ချခြင်း (သို့) စီမံခန့်ခွဲရေးအဖွဲ့မှ လိုအပ်သလို ချမှတ်သည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများဖြင့် ပြစ်ဒဏ်ပေးခံရမည်ဖြစ်ပါသည်။

(က)ခိုးခြင်း

(ခ)စာရွက်စာတမ်းအတုပြုလုပ်ခြင်း

(ဂ)လောင်းကစားလုပ်ခြင်း/ အလောင်းအစားပြုခြင်း/ ပြည့်တန်ဆာပြုခြင်း

(ဃ)ခိုက်ရန်ဖြစ်ပွားခြင်းနှင့် အခြားသူများအား အနှောင့်အယှက်ဖြစ်စေအောင် ပြုမူခြင်း

(င)ရည်ရွယ်ချက်ရှိရှိဖြင့် ပစ္စည်းများဖျက်ဆီးခြင်း

(စ)ညစ်ညမ်းသော (သို့) လူ့ကျင့်ဝတ်ကို ဆန့်ကျင်စွာ ပြုမူခြင်း

(ဆ)စိတ်ကိုပြောင်းလဲစေတတ်သောအရာများ/မူးယစ်ဆေးများ လက်ဝယ်ပိုင်ဆိုင်ခြင်း (သို့) သုံးစွဲခြင်း

(ဇ)ရိုးသားဖြောင့်မတ်မှု မရှိခြင်း

(ဈ)ကျန်းမာရေး/လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာခြင်း (ပစ္စည်းတစ်စုံတစ်ရာ ပျက်စီးစေခြင်း (သို့) အသက်အန္တရာယ်ကို ထိခိုက်စေခြင်း)

(ည)ခွင့်ပြုထားခြင်းမရှိသော အစည်းအဝေးများ/ လူစုလူဝေးများ ပြုလုပ်ခြင်း

(ဋ)တာဝန်ချိန်တွင် အိပ်စက်ခြင်း

(ဌ)အလုပ်ချိန်အတွင်း နိုင်ငံရေးများတွင် ပါဝင်ဆောင်ရွက်ခြင်း

(ဍ)ခွင့်ပြုထားခြင်း မရှိသော ရန်ပုံငွေများ ကောက်ခံခြင်း/ စုဆောင်းခြင်း

(ဎ)အလုပ်မလုပ်ဘဲ အချိန်ဖြုန်းခြင်း

(ဏ)ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်ရက် ၃ ရက်ဆက်တိုက် (သို့) ၇၂ နာရီထက် ကျော်လွန်၍ အလုပ်မှ ပျက်ကွက်ခြင်း (သို့) တရားဝင် ခွင့်တိုင်ခြင်း (သို့) အကြောင်းပြချက် မရှိဘဲ တစ်လအတွင်း စုစုပေါင်း ၅ ရက် အလုပ်ပျက်ကွက်ခြင်း

(တ)အထက်ဖော်ပြပါ ပြစ်မှုများထက် ပို၍ပြင်းထန်သော ပြစ်မှုများ ကျူးလွန်ခြင်း

(ထ)ရိုးမအုပ်စု၏ လျှို့ဝှက်ထိန်းသိမ်းရေးမူဝါဒများကို ချိုးဖောက်ခြင်း

ဝန်ထမ်းတစ်ဦးချင်းစီ၏ ကျူးလွန်ခဲ့သော ပြစ်မှုများ/စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများကို မှတ်တမ်းယူထားရန် လိုအပ်သည်။ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှု တစ်ခုခု ပြုလုပ်ခဲ့ပါက ဝန်ထမ်း၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူထားမှုများကို ပြန်လည်သုံးသပ်ရန်အတွက် ၎င်း၏ ကိုယ်ရေးဖိုင်ထဲတွင် မှတ်တမ်းတင်ထားရပါမည်။

အထင်လွဲမှားမှုများကို ဖြေရှင်းရန် နှင့် သဟဇာတဖြစ်သော ဆက်ဆံရေးများအတွက် စေ့စပ်သေချာစွာ ဆွေးနွေးခြင်းသည် အထူးအရေးပါပြီး တန်ဖိုးရှိပါသည်။ ထို့ကြောင့် မကျေနပ်ချက်များအတွက် အတတ်နိုင်ဆုံး ကနဦးအဆင့်တွင် ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပါသည်။

အဆင့် (၁)

အကြောင်းကိစ္စကို ဌာနခွဲမှူးထံ တင်ပြရမည်။ တိုက်ရိုက်ပတ်သက်မှုရှိသော ဌာနခွဲမှူးမှ အလုပ်ရက် (၇) ရက်အတွင်း အကြောင်းပြန်သွားပါမည်။

အဆင့် (၂)

တရားမျှတမှု မရှိဟု သင်ခံစားရပါက လုပ်ငန်းဌာနခေါင်းဆောင်ထံတင်ပြနိုင်ပါသည်။ ခေါင်းဆောင်မှ အလုပ်ရက် (၇)ရက်အတွင်း အကြောင်းပြန်သွားပါမည်။

အဆင့် (၃)

ကျေနပ်မှု မရှိသေးပါက စီအီးအိုထံ တင်ပြနိုင်ပါသည်။ စီအီးအိုသည် အလုပ်ရက် (၇) ရက်အတွင်း အကြောင်းပြန်သွားပါမည်။

လုပ်ငန်းကျင့်ဝတ်များ

ရိုးမအုပ်စုအနေဖြင့် ဝန်ထမ်းများကို ဤကျင့်ဝတ်အပြင် လုပ်ငန်းလည်ပတ်ရာဒေသရှိ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေဆိုင်ရာ လိုအပ်ချက်များကို လိုက်နာကြစေလိုပါသည်။

Yoma Group သည် ကျွန်ုပ်တို့၏လက်အောက်ခံ ကုမ္ပဏီများနှင့်အတူ ကုလသမဂ္ဂ Global Compact ၏ အခြေခံမူ ၁၀ ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ၂၀၁၂ ခုနှစ် ကတည်းက လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ အောက်တွင်ဖော်ပြထားသည့် ၎င်းအခြေခံမူ ၁၀ ချက် သည် လုပ်ငန်းစုရှိ လုပ်ငန်းတိုင်းအပြင် ဝန်ထမ်းအားလုံး နှင့် သက်ဆိုင်ပါသည်။ အသေးစိတ်ကို ပိုမိုသိရှိလိုပါက -

https://www.unglobalcompact.org/what-is-gc/mission/principles

Global Compact  ရှိ အခြေခံမူများအတိုင်း လိုက်နာဆောင်ရွက်ရန် ကတိကဝတ်ပြုပြီးနောက်တွင် ကျွန်ုပ်တို့၏ စီးပွားရေးနယ်ပယ် လုပ်ငန်းပတ်ဝန်းကျင်တွင် ထိုအခြေခံမူဝါဒများအတိုင်း ထိထိရောက်ရောက် လိုက်နာဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ ထိုအခြေခံမူများကို ကျွန်ုပ်တို့ ကုမ္ပဏီ၏ မဟာဗျူဟာ၊ ထုံးတမ်း စဥ်လာနှင့် နေ့စဥ်လုပ်ငန်းဆောင်တာများ၏ တစ်စိတ်တစ်ဒေသဖြစ်လာအောင် ကြိုးစားဆောင်ရွက်ပါသည်။ ကုလသမဂ္ဂ၏ ကြီးမားသောပန်းတိုင်များကို အကောင်အထည်ဖော်နိုင်စေမည့်  စီမံကိန်းများ၊ အထူးသဖြင့် ကုလသမဂ္ဂ၏ Millennium Development Goals ကို အကောင်အထည်ဖော်ရေးအတွက် အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ Yoma Strategic Holdings Ltd အနေဖြင့် ထိုကတိကဝတ်ကို သက်ဆိုင်ရာ ရှယ်ယာရှင်များ နှင့် အများပြည်သူတို့အား သိရှိစေရန် ထုတ်ပြန်လိုက်ပါသည်။

ကုလသမဂ္ဂ Global Compact အခြေခံမူ (၁၀) ချက်

လူ့အခွင့်အရေး

အခြေခံမူ ၁ - စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတကာ လက်ခံသဘောတူထားသည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကို လေးစားလိုက်နာပြီး အထောက်အပံ့ပြုရမည်။

အခြေခံမူ ၂ - လူ့အခွင့်အရေး ပါဝင်ချိုးဖောက်မှုများတွင် မိမိကိုယ်တိုင် ပါဝင်ပတ်သက်ခြင်း မရှိစေရ။

အလုပ်သမား‌ရေးရာ

အခြေခံမူ ၃ - စီးပွားရေးလုပ်ငန်းများသည် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းကို အားပေးပြီး၊ မိမိအခွင့်အရေးကို အစုအဖွဲ့အလိုက် တောင်းဆိုပိုင်ခွင့်၊ နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုဖြင့် ရယူပိုင်ခွင့်ကိုလည်း ထိထိရောက်ရောက် အသိအမှတ်ပြုမှုရှိရမည်။

အခြေခံမူ ၄ - အဓမ္မနှင့် မလုပ်မနေရခိုင်းစေသော လုပ်သား ပုံစံအားလုံးပပျောက်ရေး

အခြေခံမူ ၅ -ကလေးလုပ်သား ပပျောက်ရေး ထိရောက်စွာဆောင်ရွက်ခြင်း

အခြေခံမူ ၆ - အလုပ်ခန့်ထားမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ ခွဲခြားဆက်ဆံမှုများမှ ပပျောက်ရေး

သဘာဝပတ်ဝန်းကျင်

အခြေခံမူ ၇ - စီးပွားရေးလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများသို့ သတိထားချဥ်းကပ်မှု တစ်ခုကို အထောက်အပံ့ပြုရမည်။

အခြေခံမူ ၈ - သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားပိုမိုယူရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း

အခြေခံမူ ၉ - သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်သည့် နည်းပညာများဖွံ့ဖြိုးရေးနှင့် ပြန့်ပွားရေးကို အားပေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေး

အခြေခံမူ ၁၀ - စီးပွားရေးလုပ်ငန်းအားလုံးသည် ခြိမ်းခြောက်ဖိအားပေးခြင်းနှင့် လာဘ်ပေးခြင်းအပါအဝင် အဂတိလိုက်စားပုံစံအားလုံး တိုက်ဖျက်ရေးကို လုပ်ဆောင်ရမည်။

ရိုးမအုပ်စုအနေဖြင့် ဝန်ထမ်းများ၊ ကာစတန်မာများ၊ စီးပွားရေးမိတ်ဖက်များနှင့် ဧည့်သည်များအတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဤကြိုးပမ်းအားထုတ်မှုတွင် ပါဝင်ပံ့ပိုးကြရန်မှာ ဝန်ထမ်းအားလုံး၏ ကိုယ်ပိုင်တာဝန်ဖြစ်ပါသည်။

ဝန်ထမ်းများသည် မိမိတို့ကိုယ်တိုင် (သို့) အခြားသူများကို မထိခိုက်စေဘဲ အလုပ်ကို ဘေးကင်းစွာလုပ်ဆောင်ကြရန်လိုအပ်ပါသည်။ ဖြစ်နိုင်ခြေရှိသော အဖြစ်အပျက်များအပါအဝင် ဘေးအန္တရာယ်ရှိသော (သို့) ကျန်းမာရေးနှင့် မညီညွတ်သော အခြေအနေများကို ချက်ချင်းသတင်းပို့ရပါမည်။

ဝန်ထမ်းများသည် လိုအပ်သော အကာအကွယ်ကိရိယာကို ဝတ်ဆင်ခြင်းအပါအဝင် လုပ်ငန်းလည်ပတ်မှုလမ်းညွှန်များတွင် ဖော်ပြထားသည့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများအားလုံးကို သိရှိလိုက်နာကြရပါမည်။

ဤကြိုးပမ်းမှုကို ဝန်ထမ်းများ၊ ကာစတန်မာများ၊ စီးပွားရေးမိတ်ဖက်များ၊ ဧည့်သည်များ၊ ကန်ထရိုက်တာများ၊ ပစ္စည်းပေးသွင်းသူများ၊ သက်ဆိုင်ရာပြင်ပအဖွဲ့အစည်းများနှင့်အတူတကွ မျှဝေလုပ်ဆောင်ကြရမည်။

ဝန်ထမ်းများအနေဖြင့် ၎င်းတို့ထံတွင် ယုံကြည်စွာအပ်နှံထားသည့် ရိုးမအုပ်စုပိုင်ပစ္စည်းများအတွက် တာဝန်ရှိပါသည်။ အဆိုပါပစ္စည်းများတွင် ရုပ်ဝတ္ထုများ (ဥပမာ - ဖုန်းများ၊ ရိုးမအုပ်စုပိုင်မော်တော်ယာဉ်များ (သို့) ကွန်ပျူတာများ)၊ မှတ်တမ်းများ (ဥပမာ - ကာစတန်မာများ၏ အချက်အလက်များနှင့် ရိုးမအုပ်စု၏ မှတ်တမ်းများ) နှင့် အကောင်အထည်မပြနိုင်သော ပစ္စည်းများ (ဥပမာ - ကွန်ပျူတာဆော့ဖ်ဝဲနှင့် ကွန်ပျူတာမှတ်တမ်းများ) စသည်တို့ပါဝင်သည်။ ပစ္စည်းသည် မည်သည့်အမျိုးအစားပင်ဖြစ်ပါစေ ဝန်ထမ်းများသည် မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ သဘောထား၍ ဂရုစိုက်ကိုင်တွယ်ကြရပါမည်။ ခွင့်ပြုချက်မရရှိဘဲ ကိုယ်ကျိုးအတွက် အသုံးပြုရင်း မထိခိုက်၊ မပျက်စီးစေရပါ (သို့) မဖယ်ရှားရပါ။

အလားတူပင် ဝန်ထမ်းများသည် ကုန်ကျစရိတ်များအပါအဝင် ရိုးမအုပ်စု၏ ဘဏ္ဍာငွေများကို သင့်လျော်စွာ သုံးစွဲကြရန် တာဝန်ရှိပါသည်။ ရိုးမအုပ်စု၏ ဘဏ္ဍာငွေများကို သုံးစွဲရာတွင် (သို့) သုံးစွဲရန် လျာထားသတ်မှတ်ရာတွင် ဝန်ထမ်းများအနေဖြင့် ၎င်းလုပ်ငန်းစဉ်ကို စနစ်တကျ မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး ရိုးမအုပ်စုအနေဖြင့် သင့်လျော်သောတန်ဖိုးကို သေချာပေါက် ပြန်လည်ရရှိစေရမည်။

ရိုးမအုပ်စုသည် ကာစတန်မာများအားလုံးအတွက် အရည်အသွေးကောင်းမွန်ပြီး ထိရောက်သော ဝန်ဆောင်မှုကို ပေးစွမ်းနိုင်ရန် ဆုံးဖြတ်ချက်ချထားပြီး ဝန်ထမ်းတိုင်းသည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဝန်ထမ်းများသည် ချမှတ်ထားသောတာဝန်များကို တာဝန်ယူမှုရှိစွာ၊ ယုံကြည်စိတ်ချနိုင်သော အနေအထားဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ရိုးမအုပ်စု၏ အချိန်နှင့် အရင်းအမြစ်များကို ဖြုန်းတီးရာရောက်သော အရောင်းအဝယ်လုပ်ခြင်း၊ လောင်းကစားလုပ်ခြင်း (သို့) လုပ်ငန်းပိုင်နက်အတွင်း နိုင်ငံရေးလုပ်ခြင်း စသည့် ခွင့်ပြုမထားသောအလုပ်များတွင် မပါဝင်ခြင်းဖြင့် အချိန်ကို အလုပ်တွင် အကျိုးရှိစွာ အသုံးပြုကြရပါမည်။

ဝန်ထမ်းအားလုံးသည် လုပ်ဖော်ကိုင်ဖက်များအား အမြဲတမ်း လေးစားစွာနှင့် စာနာထောက်ထားစွာ ဆက်ဆံကြရန် တာဝန်ရှိပါသည်။ မသင့်လျော်သော အပြုအမူများမှာ အနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခိုင်းစေခြင်း၊ ခြိမ်းခြောက်ခြင်း၊ လှောင်ပြောင်သရော်ခြင်း၊ လိင်ပိုင်းဆိုင်ရာ၊ လူမျိုးရေး (သို့) နှုတ်ဖြင့် မတရားဖိနှိပ်ခြင်း၊ ဆဲဆိုခြင်း၊ လက်အမူအရာများ၊ တမင်တကာ (သို့) လွန်လွန်ကျူးကျူး အမိန့်နာခံမှုမရှိခြင်း၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အစရှိသကဲ့သို့ ခွဲခြားဆက်ဆံခြင်း (သို့) အနှောင့်အယှက်ပေးခြင်း အသွင်ပုံစံတစ်မျိုးမျိုး စသည်တို့ ပါဝင်ပါသည်။ ရိုးမအုပ်စုသည် ဤအပြုအမူများကို သည်းခံမည်မဟုတ်ဘဲ အလုပ်မှရပ်နားစေခြင်း (သို့) အလုပ်ထုတ်ခြင်းစသည့် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုကို ပြုလုပ်ပါမည်။

ဝန်ထမ်းများသည် တာဝန်ထမ်းဆောင်နေစဉ်တွင် အခြားဝန်ထမ်းများ ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ရန် အနှောင့်အယှက်ပေးခြင်း (သို့) ဟန့်တားခြင်းတို့ဖြစ်စေသည့် အပြုအမူတစ်ခုခုကို မပြုမူရပါ။

ရိုးမလုပ်ငန်းစုသည် ဝန်ထမ်းတစ်ဦးချင်း၏ လူမျိုး၊ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု၊ အယူဝါဒ၊ ကျား မ၊ နိုင်ငံသားဆိုင်ရာမူရင်း ဇစ်မြစ်၊ အသက်အရွယ်၊ မသန်စွမ်းမှု၊ အိမ်ထောင်ရေး အခြေအနေ၊ လိင်ပိုင်းဆိုင်ရာ ခံယူချက် (သို့) သက်ဆိုင်ရာ ဥပဒေမှ အကာအကွယ်ပေးထားသော အခြားမည်သည့် အခြေအနေတွင်မဆို တရားမဝင် ခွဲခြားဆက်ဆံခြင်းအလျင်းမရှိဘဲ ဝန်ထမ်းတိုင်းအား တန်းတူညီမျှစွာ အခွင့်အရေးပေးပါသည်။ ဤမူဝါဒသည် ဝန်ထမ်းသစ်ခန့်အပ်ခြင်း၊ ငှားရမ်းခြင်း၊ နေရာချထားခြင်း၊ အကျိုးခံစားခွင့်များပေးခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အရေးယူအပြစ်ပေးခြင်းနှင့် အလုပ်တာဝန်ရပ်ဆိုင်းခြင်း စသည်တို့နှင့် ပတ်သက်သော အခြေအနေအားလုံးအတွက် အကျုံးဝင်ပါသည်။ ထို့အတူ ရိုးမလုပ်ငန်းစုသည် တူညီသော အလုပ်တာဝန်ကို ထမ်းဆောင်နေသော ဝန်ထမ်းတိုင်းအား တူညီသော လစာပေးသွားနိုင်ရန်ကိုလည်း ကြိုးစားလျက်ရှိပါသည်။ ဤမူဝါဒနှင့်အညီ လုပ်ငန်းစုသည် လိင်တူလက်တွဲဖော်များအား တရားဝင် လက်ထပ်ထိမ်းမြားထားသူများကဲ့သို့ပင် တန်းတူသတ်မှတ် ဆက်ဆံမည်ဖြစ်ပါသည်။ ထိုကဲ့သို့သော လက်တွဲဖော်များတွင် တရားဝင် လက်ထပ်စာချုပ်နှင့် အခြားသက်ဆိုင်ရာ စာချုပ်သက်သေများ မရှိသော်လည်း လုပ်ငန်းစု၏ သဘောထားမှာ ပြောင်းလဲမည်မဟုတ်ပါ။ ဤမူဝါဒအား အလွဲသုံး၍ ဝန်ထမ်းတစ်စုံတစ်ယောက်မှ မိမိနှင့် မသက်ဆိုင်သော်လည်း ကိုယ်ပိုင် အကျိုးအမြတ်ရရှိအောင် အခွင့်အရေးတောင်းဆိုမှုများ ရှိလာပါက လိမ်လည်မှုအဖြစ် သတ်မှတ်ပါမည်။

အစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုအားလုံးတွင် ဖြောင့်မတ်မှုသည် အရေးကြီးပါသည်။ ရိုးမအုပ်စုအတွက် စီးပွားရေးအခွင့်အလမ်းများရရှိနိုင်ရန် (သို့) ရိုးမအုပ်စုအတွက် ဘက်လိုက်၍ စီးပွားရေးဆုံးဖြတ်ချက်တစ်ခု ချမှတ်ပေးရန် တစ်စုံတစ်ဦးအား ငွေကြေးလာဘ်လာဘ (သို့) ငွေအစားပေးသော လက်ဆောင် (သို့) အကူအညီစသည့် ပေးကမ်းမှုတို့ကို တားမြစ်ထားပါသည်။

ဝန်ထမ်းများသည် ပြင်ပအဖွဲ့အစည်း၏ လျှို့ဝှက်သတင်းအချက်အလက်များကို သင့်လျော်သော အာဏာပိုင်များထံမှသာ ရယူရပါမည်။ အဆိုပါ လျှို့ဝှက်သတင်းအချက်အလက်များနှင့် ပတ်သက်၍ ဝန်ထမ်းများသည် ၎င်းတို့ကို ရယူခွင့်ရှိကြောင်း သေချာအတည်ပြုရမည်ဖြစ်ပြီး အဆိုပါအချက်အလက်များကို ပိုင်ဆိုင်ထားပါကလိုက်နာရမည့် စည်းမျဉ်းများကိုလည်း လိုက်နာကြရမည်။

၎င်းတို့သည် စီးပွားရေးလုပ်ငန်းအောင်မြင်မှုအတွက် အဓိကကျသော ကာစတန်မာများနှင့် ကောင်းမွန်သောဆက်ဆံရေးများကို ထိန်းသိမ်းထားကြရပါမည်။ ကာစတန်မာများ၏စိတ်ထဲတွင် မိမိတို့ပြောသည်များကို နားထောင်ပေးပြီး မိမိတို့၏ လိုအပ်ချက်များအပေါ် စိတ်ဝင်စားတုံ့ပြန်မှုရှိသော ကုမ္ပဏီထံမှ အကောင်းဆုံးသောဝန်ဆောင်မှုကို ရယူအသုံးပြုနေသည်ဟု ခံစားကြရစေရန် လုပ်ဆောင်ကြရမည်။

ကာစတန်မာများနှင့် စီးပွားရေးမိတ်ဖက်များ၏ သတင်းအချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းထားရမည် ဖြစ်ပြီး လုပ်ပိုင်ခွင့်အပြည့်အဝရှိမှသာ အသုံးပြုခွင့်ရှိပေမည်။

မူးယစ်ဆေးဝါးများဖြစ်စေ၊ အရက်ဖြစ်စေ ၎င်းတို့သည် အလုပ်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ၊ ထိရောက်စွာ နှင့် လုပ်ဖော်ကိုင်ဖက်များ၊ ကာစတန်မာများအပေါ် လေးစားမှုရှိစွာ ဆောင်ရွက်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။ ၎င်းတို့ကို သောက်စားအသုံးပြုပါက တစ်စုံတစ်ဦး၊ လုပ်ဖော်ကိုင်ဖက်များ၊ ကာစတန်မာများ (သို့) ပြည်သူများ၏ အဆင်ပြေမှုကို ထိခိုက်စေနိုင်ခြင်း (သို့) ဒဏ်ရာရရှိစေနိုင်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။

ဝန်ထမ်းတစ်ဦးသည် ကျန်းမာသွက်လက်စွာဖြင့် အလုပ်တက်ရမည်ဖြစ်ပြီး အလုပ်ချိန်အတွင်း အရက် (သို့) မူးယစ်ဆေးဝါး မသုံးစွဲထားရပါ။

တရားမဝင်ဆေးဝါးများ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်း၊ ဖြန့်ဝေခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း (သို့) လွှဲပြောင်းခြင်းများတွင် ပါဝင်ခြင်းအား တင်းကျပ်စွာပိတ်ပင်ထားပါသည်။

သတင်းအချက်အလက်များသည် ရိုးမအုပ်စု၏ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများဖြစ်ပြီး အချက်အလက်များ ပြီးပြည့်စုံရန်အတွက်မှာ မှတ်တမ်းများ၏ ရိုးသားမှု၊ ပြည့်စုံမှုနှင့် မှန်ကန်တိကျမှုတို့အပေါ် မူတည်နေပါသည်။ ဆိုလိုသည်မှာ လုပ်ငန်းအဖွဲ့၏ မှတ်တမ်းများနှင့် အစီရင်ခံစာများကို ပြင်ဆင်သူများသည် လုပ်ငန်းအဖွဲ့နှင့် ဆက်စပ်နေသော အချက်အလက်များ၊ မှတ်တမ်းများ၊ အစီရင်ခံစာများနှင့် အသုံးစရိတ်များအားလုံး ပြည့်ပြည့်စုံစုံပါဝင်ပြီး မှန်ကန်တိကျမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်ရပါမည်။

ဝန်ထမ်းများသည် အသုံးပြုသည့် အချက်အလက်များ၊ ကာစတန်မာများ၏ မှတ်တမ်းများနှင့် စမ်းသပ်မှုအချက်အလက်များကဲ့သို့ ရိုးမအုပ်စုမှတ်တမ်းများ၏ မိတ္တူများကို လုံခြုံသောနေရာတွင် ထိန်းသိမ်းထားရမည်။ ဘဏ္ဍာရေးမှတ်တမ်းများ ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ ဝန်ထမ်းများသည် လာဘ်ပေးလာဘ်ယူမှု၊ ဖြတ်စား လျှပ်စားငွေများ၊ မသင့်လျော်သော ဘောက်ဆူးငွေများ (သို့) အခြား တရားမဝင် (သို့) မသင့်လျော်သော ငွေပေးမှုများ (သို့) လက်ခံမှုများ (သို့) ထိုကဲ့သို့ ယူဆရသည်များကို ဖုံးကွယ်ထားခြင်း၊ ဖြစ်မြောက်စေခြင်း (သို့) ပါဝင်ခြင်းများဖြစ်နိုင်သည့် အလေ့အထ (သို့) လုပ်ဆောင်ချက်များတွင် ပါဝင်ခြင်းမပြုရပါ။

ရိုးမအုပ်စုက မိမိတို့၏ လုပ်ငန်းနှင့် ဝန်ဆောင်မှုများသည် အခြားပြိုင်ဘက်များထက် ပိုမိုကောင်းမွန်နေစေရန် အသုံးပြုသော လုပ်ငန်းလျှို့ဝှက်ချက်များ၊ နည်းစနစ်များအပြင် မျှော်မှန်းချက်များ၊ ကာစတန်မာများ၊ စီးပွားရေးမိတ်ဖက်များ၊ ပြိုင်ဘက်များနှင့် သဘောတူညီချက်များ၊ စီးပွားရေးအစီအစဉ်များ (account plans)၊ လုပ်ငန်းအဆိုပြုချက်များ၊ ညှိနှိုင်းချက်များနှင့် စာချုပ်များကဲ့သို့သော ဂရုပြုလျှို့ဝှက်ထားရမည့် စီးပွားရေး၊ နည်းပညာ (သို့) ဘဏ္ဍာရေးဆိုင်ရာ ပုဂ္ဂလိကစီးပွားရေး သတင်းအချက်အလက်များကို ဝန်ထမ်းများစွာက သိရှိခွင့်ရထားပါသည်။

လုပ်ငန်းအဖွဲ့ပိုင်အချက်အလက်များအားလုံးကို လျှို့ဝှက်စွာထိန်းသိမ်းထားရန် အရေးကြီးပါသည်။ ဝန်ထမ်းများသည် လူ့ကျင့်ဝတ်အရ၊ ဥပဒေရေးရာအရ သက်ရောက်နိုင်မှုများနှင့် အစိုးရစည်းမျဉ်းစည်းကမ်းများကို ငဲ့ကွက်၍ ရိုးမအုပ်စု၏ အချက်အလက်များကို ကာကွယ်ထိန်းသိမ်းထားကြရန် တာဝန်ရှိပါသည်။ ဥပမာ - လေလံအဆိုပြုချက်တစ်ခုအတွက် ပြင်ပအဖွဲ့အစည်းထံ သတင်းအချက်အလက်များ ထုတ်ပြန်သောအခါ ပြင်ပအဖွဲ့အစည်းများသည် ထုတ်ဖော်ပြောကြားခြင်းမပြုရန်သဘောတူညီချက် (NDA) (ဥပဒေရေးရာဌာနမှ ထုတ်ပေးသောပုံစံ) ကို ရေးထိုးရမည်ဖြစ်ပြီး သတင်းအချက်အလက်ကို သိရှိရန်လိုအပ်သောအခါမှသာ ထုတ်ဖော်ပြောကြားမည်ဖြစ်သည်။

ရိုးမအုပ်စုမှ ဖန်တီးထားပြီး အသုံးပြုနေသည့် ကုန်ပစ္စည်းတံဆိပ်၊ မူပိုင်ခွင့်များ၊ တီထွင်မှု မူပိုင်ခွင့်များ၊ ဒီဇိုင်းများ၊ မှတ်ပုံတင်ထားသော ဒီဇိုင်းများ၊ ကုမ္ပဏီပိုင် သတင်းအချက်အလက်များနှင့် အခြား ဉာဏပစ္စည်း မူပိုင်ခွင့်များအားလုံးသည် ရိုးမအုပ်စုနှင့်သာ သက်ဆိုင်ပါသည်။ ပြင်ပအဖွဲ့အစည်းများ၏ ဉာဏပစ္စည်း မူပိုင်ခွင့်များ၊ မူပိုင်ခွင့်များ၊ တီထွင်မှု မူပိုင်ခွင့်များနှင့် ကုန်ပစ္စည်းမူပိုင်ခွင့်များစသည့် ပြင်ပအဖွဲ့အစည်းများ၏ မူပိုင်ခွင့်များကို မချိုးဖောက်ရန် ဝန်ထမ်းများအား သတိပေးလိုပါသည်။

ရိုးမအုပ်စုသည် ၎င်းတို့၏ တီထွင်မှု၊ ရှာဖွေတွေ့ရှိချက်၊ ဒီဇိုင်း (သို့) အဆင့်မြှင့်တင်မှုများကို မူပိုင်သတ်မှတ်ထားမည် ဖြစ်သည်။ ဤတွင် တီထွင်မှု (သို့) ဒီဇိုင်းများကို တီထွင်မှု မူပိုင်ခွင့်ထားနိုင်ခြင်း (သို့) မှတ်ပုံတင် (သို့) မူပိုင်ခွင့်ထားရှိနိုင်ခြင်းတို့ မည်သို့ပင်ဖြစ်စေကာမူ ဝန်ထမ်းများ ဖန်တီးထားသည့် လုပ်ငန်းအဖွဲ့၏ စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ်နေသော တီထွင်မှုများလည်း ပါဝင်နိုင်သည်။

ဝန်ထမ်းများသည် အဆိုပါတီထွင်မှုများကို ရိုးမအုပ်စုသို့ အသိပေးရမည်ဖြစ်ပြီး ရိုးမအုပ်စု၏ တောင်းဆိုမှုနှင့် ထောက်ပံ့မှုတို့ဖြင့် တီထွင်မှုနှင့် သက်ဆိုင်သည့် အချက်အလက်များကို ဖော်ထုတ်ပြီး တီထွင်မှုအတွက် တီထွင်မှု မူပိုင်ခွင့် (သို့) စက်မှုလုပ်ငန်းမူပိုင်ခွင့်များကို ရရှိရန် လိုအပ်သည်များကို ပြုလုပ်ရမည်။ တီထွင်မှု မူပိုင်ခွင့်သည် ရိုးမအုပ်စု (သို့) အဆိုပြုခံရသူ၏ အမည်ပေါက်မည်ဖြစ်ပြီး ဝန်ထမ်းသည် ထိုတီထွင်မှုအတွက် မည်သည့်ငွေပေးကမ်းမှုကိုမျှ ရရှိမည်မဟုတ်ပါ။ ဝန်ထမ်းက လုပ်ငန်းအဖွဲ့တွင် တာဝန်ထမ်းဆောင်နေစဉ် ဖန်တီးထားသည့် ဉာဏပစ္စည်းမူပိုင်ခွင့်တစ်ခုခုကို ၎င်းဝန်ထမ်း အလုပ်ထွက်သွားသော်လည်း ရိုးမအုပ်စုက ဆက်လက်ပိုင်ဆိုင်ခွင့်ရှိမည် ဖြစ်သည်။

ဝန်ထမ်းများသည် အငြိမ်းစားယူခြင်းအပါအဝင် အကြောင်းတစ်ခုခုဖြင့် ရိုးမအုပ်စုမှ ထွက်ခွာသွားပါက မိမိတို့လက်ဝယ်တွင်ရှိနေသော စာရွက်စာတမ်းများနှင့် မှတ်တမ်းများအပါအဝင် လုပ်ငန်းအဖွဲ့၏ ပိုင်ဆိုင်မှုအားလုံးကို ပြန်လည်ပေးအပ်ရပါမည်။ ရိုးမအုပ်စု၏ လျှို့ဝှက်သတင်းအချက်အလက်များကို ထုတ်ဖော်ခြင်း (သို့) အလွဲသုံးစားပြုခြင်းများ မပြုလုပ်ရပါ။ ဝန်ထမ်းများသည် ရိုးမအုပ်စုမှ ထွက်ခွာသွားပြီးနောက်တွင် ကာစတန်မာ၊ ပစ္စည်းပေးသွင်းသူ (သို့) မိတ်ဖက်စသည့် ပြင်ပအဖွဲ့အစည်းတစ်ခုခုမှ လျှို့ဝှက်စွာ ပေးသိထားသည့် အချက်အလက်များကို ကာကွယ်ရန်လည်း တာဝန်ရှိပါသည်။

ဝန်ထမ်းများသည် မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ခက်ခဲစေသော (သို့) ကာစတန်မာ (သို့) အများပြည်သူတို့၏ ယုံကြည်မှုကို လျော့နည်းစေနိုင်သော အထင်အမြင်လွဲမှားစေနိုင်သည့် အပြိုင်အသက်မွေးဝမ်းကျောင်းဆိုင်ရာ (သို့) ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတစ်ခု ရှိနေပါက ‘အကျိုးစီးပွားဝိရောဓိ’ ပေါ်ပေါက်လာနိုင်ပါသည်။

ဝန်ထမ်းများသည် ရိုးမအုပ်စု၏ အကျိုးစီးပွားနှင့် ဆန့်ကျင်သည့် မည်သည့်အရာကိုမျှမပြုလုပ်ရပါ၊ ဥပမာ ဝန်ထမ်း ကိုယ်ကျိုးပါဝင်ပတ်သက်နေသည့် (ကိုယ်တိုင် (သို့) ဆွေမျိုးနီးစပ်များမှတစ်ဆင့်) ရောင်းချသူတစ်ဦးအား အကဲဖြတ်စစ်ဆေးခြင်း/ဆုချီးမြှင့်ရန် အတည်ပြုထောက်ခံခြင်းတို့တွင် ပါဝင်ခြင်းကဲ့သို့ အကျိုးစီးပွားဝိရောဓိဖြစ်သည်ဟု ယူဆရနိုင်သည့် မည်သည့်အရာကိုမျှ မပြုလုပ်ရပါ။ ဝန်ထမ်းများသည် မိမိတို့ကို ဝိရောဓိဖြစ်စေသည့် အခြေအနေတွင် ကျရောက်စေသည့် (သို့) ကျရောက်မည်ဟု ယူဆရသည့် လုပ်ငန်းများကို ကိုင်တွယ်ရပါက ကိုယ်တိုင် အတိအလင်းထုတ်ဖော်ကြေညာသင့်သည် (သို့) ပယ်ချသင့်သည်။

ဝန်ထမ်းများသည် အကျိုးစီးပွားဝိရောဓိဖြစ်စေနိုင်သည့် အခြေအနေအားလုံးကို ရှောင်ကြဉ်သင့်သည်။ ၎င်းတို့အနေဖြင့် ဖြစ်နိုင်ခြေရှိသော (သို့) အမှန်တကယ် အကျိုးစီးပွားဝိရောဓိ၏ ထုတ်ဖော်တင်ပြခြင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်၍ မိမိတို့၏ အသက်မွေးလုပ်ငန်းဆိုင်ရာ တာဝန်များကို အနှောင့်အယှက်ဖြစ်နိုင်သည်ဟု ယူဆရသည့် ကိစ္စတိုင်းကို အတိအလင်း ထုတ်ဖော်ပြောဆိုရပါမည်။

ဝန်ထမ်းများသည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ရိုးမအုပ်စု၏ အကျိုးစီးပွားတို့အကြား ဝိရောဓိဖြစ်စေနိုင်သော (သို့) ဖြစ်စေနိုင်သည်ဟု ယူဆရသော ပြင်ပစီးပွားရေးဆက်ဆံမှုများတွင် မပါဝင်ရပါ (အကျိုးစီးပွားဝိရောဓိကို ဆိုလိုသည်)။

ဝန်ထမ်းများသည် အကျိုးစီးပွားဝိရောဓိ ဖြစ်စေနိုင်သော (သို့) ဖြစ်စေနိုင်သည်ဟု ယူဆရသော (သို့) ရိုးမအုပ်စုကိုယ်စားပြုလုပ်သည့် ဆုံးဖြတ်ချက်များကို ထိခိုက်လာနိုင်သော (သို့) ထိခိုက်လာနိုင်သည်ဟု ယူဆရသော ပြိုင်ဘက်များ၊ ပစ္စည်းပေးသွင်းသူများ၊ ကာစတန်မာများ (သို့) ရိုးမအုပ်စုကိုယ်စား စီးပွားရေးအရဆက်ဆံမှုတွင် ပါဝင်သည့် မည်သူနှင့်မဆို တိုက်ရိုက် (သို့) တိုက်ရိုက်မဟုတ်သည့် ငွေကြေးဆိုင်ရာ (သို့) စီးပွားရေးဆိုင်ရာ အကျိုးစီးပွား (သို့) ဆက်ဆံမှုများ မရှိရပါ။

ဝန်ထမ်းများသည် ရိုးမအုပ်စုတွင် မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို လျော့ပါးသွားစေသော (သို့) ဝိရောဓိဖြစ်စေသော ကိုယ်ပိုင်စီးပွားရေးဆက်ဆံမှုများတွင်လည်း မပါဝင်သင့်ပါ။

ဝန်ထမ်းများသည် လုပ်ငန်းအဖွဲ့၏ အကျိုးစီးပွားနှင့် ကာစတန်မာ၊ ပစ္စည်းပေးသွင်းသူ (သို့) ပြိုင်ဘက်တစ်ဦး၏ အကျိုးစီးပွားအကြား သစ္စာစောင့်သိမှုကို ထိပါးစေနိုင်သော အခြေအနေများကို ရှောင်ကြဉ်ရမည်။

ဝန်ထမ်းများသည် ရိုးမအုပ်စုက တရားဝင်ပိုင်ဆိုင်သည့် အခွင့်အရေးများကို ကိုယ်ပိုင်အမြတ်အစွန်းအတွက် အခွင့်အရေး မယူရပါ။ ဝန်ထမ်းများသည် ၎င်းတို့ကို ကိုယ်ပိုင်အကျိုးစီးပွားရရှိနိုင်သော (သို့) ရရှိသည်ဟု ယူဆခံရနိုင်သော အခြေအနေအားလုံးကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖြစ်လာနိုင်သော ထိခိုက်နစ်နာနိုင်သည့် အခြေအနေတိုင်းကို မိမိတို့၏ ကြီးကြပ်ရေးမှူးများထံသို့ ချက်ချင်းသတင်းပို့ကြရမည်။

ဝန်ထမ်းများသည် တိုးချဲ့ထားသော ရိုးမအုပ်စု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မိမိတို့၏ တာဝန်ဝတ္တရားများ ထမ်းဆောင်ခြင်းနှင့် စပ်လျဉ်း၍ စီစဉ်ပေးထားသော (သို့) တာဝန်ယူဆောင်ရွက်ပေးရသော အလုပ်အကိုင် မဟုတ်ပါက ဝန်ထမ်းရေးရာဌာန၏ ကြိုတင်သဘောတူခွင့်ပြုစာ မပါရှိဘဲ မည်သည့်ပြင်ပအလုပ်အကိုင်ကိုမျှ မပါဝင်ရပါ (သို့) မလုပ်ကိုင်ရပါ။

ဝန်ထမ်းများသည် ပြင်ပအလုပ်အကိုင်တစ်ခုကို လက်ခံရန် စဉ်းစားနေပါက အဆိုပါရာထူးကို လက်ခံခြင်းသည် အကျိုးစီးပွားဝိရောဓိဖြစ်နိုင်ခြေကို မြင့်တက်စေခြင်းရှိ၊မရှိ စဉ်းစားရပါမည်။ အဆိုပါအလုပ်အကိုင်ကို လက်ခံရန် (သို့) အခြားစီးပွားရေးဆက်နွှယ်မှုများထားရှိရန် ခွင့်ပြုချက်ရရှိပြီးပါက အဆိုပါလုပ်ဆောင်ချက်များသည် လုပ်ငန်းအဖွဲ့အတွက် မိမိ၏ တာဝန်ကို အပြည့်အဝ ထိထိရောက်ရောက် ထမ်းဆောင်နိုင်စွမ်း (သို့) ဂုဏ်သိက္ခာကိုဖြစ်စေ၊ ကာစတန်မာများအတွက် ဝန်ဆောင်မှုများ (သို့) ရိုးမအုပ်စု၏ လက်ရှိ (သို့) အနာဂတ်စီးပွားရေးစီမံချက်များကိုဖြစ်စေ ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ကြရမည်။

ဝန်ထမ်းများသည် “အတွင်း” သတင်းအချက်အလက်များ (ကော်ပိုရေးရှင်း၏ စတော့ရှယ်ယာဈေးနှုန်းကို ထိခိုက်စေနိုင်သည့် အများပြည်သူသို့ ထုတ်ပြန်ခြင်းမပြုရသေးသော သတင်းအချက်အလက်) ကို ရိုးမအုပ်စုဝင် ကုမ္ပဏီများ (သို့) ၎င်းတို့ ဆက်သွယ်ဆက်ဆံနေသည့် ကုမ္ပဏီ၏ ရှယ်ယာများကို ဝယ်ယူခြင်း (သို့) ရောင်းချခြင်းတို့ပြုလုပ်ရန် အသုံးမပြုရပါ။ အဆိုပါသတင်းအချက်အလက်များတွင် မကြေညာရသေးသော ဝင်ငွေများ၊ အစုပေါ်အမြတ်များ (သို့) ရနိုင်ခြေရှိသည်များ ပါဝင်နိုင်သည်။ ဝန်ထမ်းများသည် အတွင်းသတင်းများကို သိရှိပိုင်ဆိုင်ထားသောအခါတွင် မိမိတို့အတွက်ဖြစ်စေ၊ အခြားသူအတွက်ဖြစ်စေ (သို့) ရိုးမအုပ်စုအတွက်ဖြစ်စေကော်ပိုရေးရှင်း၏ ရှယ်ယာများနှင့် ဆက်စပ်သည့် ရှယ်ယာဝယ်ယူမှုများတွင် မပါဝင်ရပါ (သို့) အခြားသူတစ်ဦးအား ပါဝင်စေရန် မကြိုးပမ်းရပါ။

ကာစတန်မာများ၊ လက်ရှိ နှင့်/သို့မဟုတ် ဖြစ်လာနိုင်ခြေရှိသော စီးပွားရေးမိတ်ဖက်များ၊ ပစ္စည်းပေးသွင်းသူများ၊ ကန်ထရိုက်တာများ၊ ပြိုင်ဘက်များ (သို့) အများပြည်သူများထံမှ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းသည် အကျိုးစီးပွားဝိရောဓိအခြေအနေတစ်ခု (သို့) ဖြစ်လာနိုင်ခြေတစ်ခုကို ပေါ်ပေါက်စေနိုင်သည့်အတွက် တားမြစ်ထားပါသည်။

လက်ဆောင်များ လက်ခံထားခြင်း

မြန်မာငွေ ၁၀၀,၀၀၀ ကျပ် (သို့) ညီမျှသည့် နိုင်ငံခြားငွေပမာဏ မကျော်သည့် လက်ဆောင်များကို ဝန်ထမ်းက လက်ခံနိုင်ပါသည်။ ၁၀၀,၀၀၀ ကျပ်ထက် ကျော်လွန်သော လက်ဆောင်များအားလုံးအတွက်မူ သက်ဆိုင်ရာလုပ်ငန်းခေါင်းဆောင်က ထိန်းသိမ်းထားသည့် လက်ဆောင်၏ ဖော်ပြချက်၊ ပေးကမ်းသူ၏ အမည်နှင့် အဆိုပါလက်ဆောင်ကို မည်သို့လုပ်ဆောင်လိုက်သည်တို့ကို အသေးစိတ်ဖော်ပြထားသည့် မှတ်တမ်းတွင် ထည့်သွင်းရပါမည်။ ၁၀၀,၀၀၀ ကျပ်ထက် ကျော်လွန်သော လက်ဆောင်များအတွက် သက်ဆိုင်ရာလုပ်ငန်းခေါင်းဆောင်ထံ အသိပေးပြီး ခွင့်ပြုချက်ရရှိပါက ဝန်ထမ်းသည် ထိုလက်ဆောင်ကို လက်ခံနိုင်ပါသည်။ လက်ဆောင်များ လက်ခံထားခြင်းကို တာဝန်ဝတ္တရားအရမဟုတ်သည့် အခြေအနေများတွင်သာ ခွင့်ပြုထားကြောင်း သတိပြုသင့်ပါသည်

စီးပွားရေးအရ နေ့လယ်စာများ/ညစာများသည် လက်ခံနိုင်သော ဧည့်ခံပြုစုမှုဖြစ်ပြီး ၎င်းတို့ကို ထုတ်ဖော်ပြောဆိုရန်မလိုသော်လည်း အဆိုပါအစားအစာများကို လက်ခံရာတွင် ဂရုပြုသင့်ပြီး တစ်ခါတစ်ရံမှသာ လက်ခံသင့်ပါသည်။ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးဆက်နွှယ်မှု ပိုမိုကောင်းမွန်စေရန်အတွက်သာဖြစ်သင့်ပြီး အပြန်အလှန် အပေးအယူပြုလုပ်ရန်အတွက် မဖြစ်သင့်ပါ။

ရိုးမအုပ်စု၏ လှုပ်ရှားမှုအားလုံးအတွက် သတင်းများ (မိတ်ဖက်သစ်များမှစ၍ ဝန်ဆောင်မှုသစ်များအထိ) အတွက် စနစ်တကျညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးပါသည်။ သတင်းများနှင့် လူတွေ့မေးမြန်းမှုများအတွက် မီဒီယာများ၏ တောင်းဆိုမှုများအားလုံးကို စင်္ကာပူနှင့် ရန်ကုန်ရှိ လုပ်ငန်းအဖွဲ့၏ ဆက်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံသူဆက်ဆံရေးဌာနသို့ လွှဲပြောင်းညွှန်းပို့ပေးရမည်။

အွန်လိုင်းဖိုရမ် (ဥပမာ - ဝက်ဘ်လော့ဂ်များ (သို့) ဘလော့ဂ်များ) တစ်ခုခု (သို့) လူမှုကွန်ရက်ဆိုက်များ (ဥပမာ - Facebook) တွင် ထုတ်ပြန်ထားသည့် ကြေညာချက်များကို အများပြည်သူထံ ကြေညာချက်များဟု ယူဆပါသည်။ စီမံခန့်ခွဲရေးအဖွဲ့ထံမှ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ရိုးမအုပ်စု၊ ၎င်း၏ လုပ်ငန်း၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ မဟာဗျူဟာများ (သို့) လုပ်ဆောင်ပုံများအပြင် ဝန်ထမ်းများနှင့် ပတ်သက်သည့် ဝေဖန်ချက်များကို မပြုလုပ်ရပါ။ ဝန်ထမ်းများသည် ဘလော့ဂ်များ (သို့) အခြားအွန်လိုင်းနေရာများအပြင် အလုပ်ချိန်ပြင်ပတွင် အသုံးပြုသည့် ကိုယ်ပိုင်ဆိုဒ်များတွင်ပင် ရိုးမအုပ်စု၏ အကျိုးစီးပွားများနှင့် ဝိရောဓိမဖြစ်နိုင်စေရန် အထူးဂရုပြုကြရမည်။

ဝန်ထမ်းတစ်ဦးသည် ရိုးမအုပ်စု၏ လုပ်ငန်းများနှင့်ပတ်သက်၍ လိမ်လည်မှုတစ်ခုကို သတင်းရရှိပါက (သို့) သတိပြုစရာကိစ္စရှိပါက အဆိုပါ သတိပြုစရာကိစ္စ (သို့) သတင်းကို အသိပေးတင်ပြရန်မှာ ဝန်ထမ်း၏ တာဝန်ပင်ဖြစ်ပါသည်။

ရိုးမအုပ်စုသည် လိမ်လည်မှုအတွက် “လုံးဝလက်မခံ” သောမူဝါဒကို ကျင့်သုံးပြီး ရိုးမအုပ်စု၏ စီးပွားရေး၊ လုပ်ငန်းများနှင့် ဆက်စပ်နေသည့် လိမ်လည်မှုကို အသိပေးခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့အတွက် လုပ်ထုံးလုပ်နည်းများကို ချမှတ်ပေးထားသည့် ထုတ်ဖော်တိုင်တန်းသူကာကွယ်ရေးမူဝါဒဟု ခေါ်ဆိုသော တရားဝင်မူဝါဒတစ်ခုကို ချမှတ်ထားပါသည်။

ဤကျင့်ဝတ်ကို ချိုးဖောက်ပါက အလုပ်ရပ်နားခံရခြင်းအပြင် ဖြစ်ပွားစေခဲ့သော ပျက်စီးမှုကို ပေးလျော်ရခြင်းတို့အထိ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုကို ခံရနိုင်ပါသည်။

လူမှုကွန်ယက်စာမျက်နှာတွင် အချင်းချင်း သတင်းအချက်အလက်များ၊ ထင်မြင်ချက်များနှင့် အတွေ့အကြုံများကို မျှဝေကြသဖြင့် လေ့လာသင်ယူနို်င်သည့်အပြင် စိတ်ကိုလည်း ပျော်ရွှင်စေပါသည်။ ရိုးမအုပ်စု၏ လူမှုကွန်ယက်မူဝါဒမှ လူမှုကွန်ယက်ကို စနစ်တကျအသုံးပြုနိုင်စေရန် မူဘောင်ချမှတ်ပေးသွားမှာ ဖြစ်ပါသည်။

အဆိုပါမူဝါဒသည် ဝန်ထမ်းများ လူမှုကွန်ယက်စာမျက်နှာများကို အသုုံးပြုရာတွင် လိုက်နာသင့်သည့် လမ်းညွှန်ချက်များကို ရှင်းလင်းစွာ သိစေမည့်အပြင် အလုပ်နှင့် ကိုယ်ပိုင်လူမှုကွန်ယက် စာမျက်နှာများကို မှားယွင်းစွာ အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာရပ်များ ဖြစ်ပေါ်မှုမှလည်း ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

“လူမှုကွန်ယက်” ဟုဆိုရာတွင် လူမှုကွန်ကယ်ပလက်ဖောင်းမျိုးစုံနှင့် သတင်းအချက်အလက်များကို အချင်းချင်းဆက်သွယ်ပြောဆိုသည်ဖြစ်စေ၊ လူအုပ်စု၊ အများပြည်သူများ သိရှိအောင် မျှဝေသည့် နည်းမျိုးစုံကို ဆိုလိုခြင်းဖြစ်ပါသည်။ အွန်လိုင်းမှ ဆက်သွယ်ပြောဆိုရာတွင် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် သတင်းအချက်အလက်များကို မျှဝေရန်အတွက် ပို့စ်တင်ခြင်း၊ ဓာတ်ပုံ ဗီဒီယိုများတင်ခြင်း၊ မက်ဆေ့ချ်ပို့ခြင်း၊ မိမိတို့၏ Status ကို အသစ်ပြောင်းလဲတင်ခြင်း (သို့) လူမှုကွန်ယက်မှ အခြားဆက်သွယ်ပြောဆိုသည့် နည်းမျိုးစုံတို့ ပါဝင်ပါသည်။

အဆိုပါနည်းမျိုးစုံတွင် အောက်ပါအချက်တို့ ပါဝင်နိုင်သော်လည်း အတိအကျကန့်သတ်ထားခြင်းမရှိပါ။

  • လူမှုကွန်ယက်များဖြစ်သည့် Facebook ၊ Instagram ၊ TikTok နှင့် Twitter
  • ဘလော့များဖြစ်သည့် လုပ်ငန်းဆိုင်ရာ ဘလော့များ ၊ ကိုယ်ပိုင်သုံးဘလော့များနှင့် သတင်းမီဒီယာများမှ ပြုလုပ်သည့် ဘလော့များ
  • အွန်လိုင်းဖိုရမ်များ၊ တိုင်ပင်ဆွေးနွေးသည့် ဘုတ်အဖွဲ့များ၊ အွန်လိုင်းအသံဖိုင်များနှင့် အဖွဲ့အုပ်စုများ
  • သုံးစွဲသူများကိုယ်တိုင် သတင်းအချက်အလက်များကို ဖန်တီးနိုင်သည့် မီဒီယာများဖြစ်သည့် YouTube နှင့် Snapchat

ဝန်ထမ်းများသည် ကုမ္ပဏီကိုယ်စားပြုနေခြင်း မရှိနေသည့်တိုင် ၎င်းတို့၏ ကိုယ်ပိုင်လူမှုကွန်ယက်များပေါ်ရှိ အမူအကျင့်၊ ပို့စ်များသည် ကုမ္ပဏီ၏ ဂုဏ်သတင်းကို ထင်ဟပ်စေသည်ကို သိစေလိုပါသည်။

ရိုးမဝန်ထမ်းတစ်ယောက်အနေဖြင့် လူမှုကွန်ယက်များပေါ်တွင် မည်သို့ပြုမှုသင့်သည်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ယခုဆက်လက်ဖော်ပြသွားမည့် မူဝါဒတွင် အသေးစိတ်ဖော်ပြသွားမည်ဖြစ်ပြီး ဝန်ထမ်းများအားလုံးသည် အဆိုပါမူဝါဒကို နားလည်ပြီး လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။ လုပ်ငန်းစု၏ မူဝါဒအရ ဝန်ထမ်းများတင်ထားသည့် ပို့စ်များကို လိုအပ်ပါက လုပ်ငန်းစုမှ ချမှတ်ထားသော မူဝါဒများကို လိုက်နာမှု ရှိ၊မရှိ အကဲခတ်စောင့်ကြည့်နေမည် ဖြစ်ပါသည်။ လုပ်ငန်းစုမှ ချမှတ်ထားသည့် မူဝါဒများကို ချိုးဖောက်ပါက ကုမ္ပဏီမှ အရေးယူမှုများအပြင် လိုအပ်ပါက အလုပ်မှ ရပ်စဲခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

ဝန်ထမ်းများအနေဖြင့် -

မိမိတင်မည့် ပို့စ်သည် မိမိ၏ ဂုဏ်သိက္ခာ (သို့) အခြားသူများကို ထိခိုက်နစ်နာစေခြင်း (သို့) ကုမ္ပဏီ၏ ဂုဏ်သတင်းကို ထိခိုက်စေခြင်း မရှိစေရန် ပို့စ်မတင်မီတွင် သေချာပြန်စဉ်းစားသင့်ပါသည်။ မိမိတို့ ရေးသားသည့် ကွန့်မန့်များသည် အခြားသူများနှင့် လုပ်ငန်းစုအပေါ် သက်ရောက်မှုရှိနိုင်သည်ကို အမှတ်ရစေလိုပါသည်။

သင့်လျော်သည့် အသုံးအနှုန်း၊ အရေးအသားများကို အသုံးပြုပါ။ အသုံးအနှုန်း၊ အရေးအသားများသည် ယဉ်ကျေးရန်နှင့် ရိုင်းပြသော၊ ဆဲဆိုသော၊ ကြမ်းတမ်းသော အသုံးအနှုန်းများကို လုံးဝအသုံးမပြုရပါ။

အသရေဖျက်ခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်း၊ ရိုင်းစိုင်းကြမ်းတမ်းစွာပြောဆိုခြင်း၊ အများကို အန္တရာယ်ဖြစ်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ အသားပေးခြင်း သို့ လူမျိုးရေးခွဲခြားသည့် ပို့စ်များ၊ ဗီဒီယို ဓာတ်ပုံများ လုံးဝမတင်ရပါ။ အောက်ဖော်ပြပါ အချက်များကို ဖြစ်ပေါ်စေသည့် ပို့စ်များကို လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် တင်ခြင်းမှ ရှောင်ကြဉ်ရန် -

  • သူတစ်ပါးကို နှောက်ယှက်စေသည့် ပို့စ်များ၊ အမုန်စကားများ (သို့) သူတစ်ပါး၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း
  • မိမိတို့ လုပ်ဖော်ကိုင်ဖက်များ၏ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ခြင်း
  • လုပ်ငန်းခွင်၏ စည်းကမ်းချက် (သို့) ထိန်းချုပ်မှုများကို အားနည်းပျက်စီးစေပြီး လုပ်ငန်းခွင်ကို အနှောက်အယှက်ဖြစ်စေခြင်း၊ (သို့) လုပ်ငန်းခွင်တွင် အလုပ်ဆက်ဆံရေးကို ထိခိုက်စေခြင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အငြင်းပွားစေခြင်း၊ လုပ်ကိုင်ရည်အပေါ် ဝင်ရောက်စွက်ဖက်စေခြင်း၊ (သို့) လုပ်ငန်းလုပ်ဆောင်မှုအပေါ် နှောက်ယှက်မှုဖြစ်စေခြင်း။

အခြားသူများကို အနိုင်ကျင့်ခြင်း၊ အရှက်ရစေခြင်း၊ နှောက်ယှက်ခြင်း၊ အလွှဲသုံးစားလုပ်ခြင်း (သို့) အခြားသူအဖြစ် အယောင်ဆောင်ခြင်းတို့ကို မပြုလုပ်ရပါ။ အကယ်၍ လုပ်ဖော်ကိုင်ဖက်၊ ဖောက်သည်များနှင့် စီးပွားမိတ်ဖက်များကို တိုက်ရိုက်ဦးတည်နှောက်ယှက်ပါက ကုမ္ပဏီ၏ နှောက်ယှက်မှု တိုက်ဖျက်ရေးမူဝါဒကို ကျိုးဖောက်သည်ဟု ယူဆခံရမှာ ဖြစ်ပါသည်။

ဝန်ထမ်းများနှင့် ၎င်းတို့၏ အလုပ်အကိုင်၊ လုပ်ဖော်ကိုင်ဖက်များ (သို့) ကုမ္ပဏီအပေါ် ထိခိုက်မှုရှိစေသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို မတင်ပါနှင့်။

လုပ်ငန်းစုအတွင်း မိမိတို့၏ လုပ်ငန်းတာဝန်ရာထူးကို အထင်လွဲမှားစေနိုင်သည့် ပို့စ်များ မတင်ပါနှင့်။ မိမိတို့ ကိုယ်ပိုင်သုံး လူမှုကွန်ယက် (သို့) ရေးသားဖော်ပြချက်များသည် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအခေါ်ယူဆချက်များကိုသာ ကိုယ်စားပြုပြီး ကုမ္ပဏီအတွက် ကိုယ်စားပြုခြင်းမရှိသည်ကို အခြားသူများ သိရှိရန်လိုအပ်ပါသည်။ ဝန်ထမ်းများသည် ကိုယ်ပိုင်ထင်မြင်ယူဆချက်များအား ရေးသားဖော်ပြထားသည်များကို ကုမ္ပဏီမှ ထောက်ခံခွင့်ပြုထားသည့် ပုံစံမျိုး ရေးသားခြင်းမှ ရှောင်ကြဉ်ရပါမည်။ အထင်လွဲမှားမှုများ မရှိစေရန် မိမိရေးသားဖော်ပြထားသည်များအောက်တွင် “ကျွန်တော် / ကျွန်မ၏ ကိုယ်ပိုင်အမြင်များသာဖြစ်သည်” ဟူသည့် အဆိုပြုချက်ကို ထည့်သွင်းရေးသားစေလိုပါသည်။

ဘေးကင်းလုံခြုံရေးသည် ကျွန်ုပ်တို့၏ နံပါတ် ၁ ဦးစားပေးဖြစ်သည့်အတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သတိထားပါ။ မိမိကိုယ်တိုင် (သို့) အခြားသူများ၏ ကို်ယ်ရေးကိုယ်တာ အချက်အလက်များကို အများနှင့် မျှဝေပြောကြားခြင်းများကို ရှောင်ကြဉ်ပါ။ (ဥပမာ - အိမ်လိပ်စာ ၊ ဖုန်းနံပါတ် သို့ အခြားလျှို့ဝှက်အချက်အလက်များ)

လျှို့ဝှက်ထားရှိရမည့် အရာများအတွက် ထားရှိသည့် မူဝါဒနှင့် ဥပဒေများကို လိုက်နာရပါမည်။ Intellectual Property များဖြစ်သည့် ကုန်အမှတ်တံဆိပ်များကို ကိုယ်ပိုင်လူမှုကွန်ယက်အကောင့်တွင် ခွင့်ပြုချက်မရှိဘဲ အများနှင့် မျှဝေခြင်းများ မပြုလုပ်ရပါ။

Yoma Connect နှင့် Workplace တို့သည် လုပ်ငန်းတွင်း အချင်းချင်းချိတ်ဆက်မှု ရှိနေစေရန် ရည်ရွယ်ချက်ဖြင့် ထားရှိပေးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် Yoma Connect နှင့် Workplace တွင် မျှဝေဖော်ပြထားသည့် အကြောင်းအရာများကို HR နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မိမိတို့၏ ကိုယ်ပိုင် လူမှုကွန်ယက်ပေါ်တွင် ပြန်လည်မျှဝေခြင်းများကို မပြုလုပ်ရပါ။

အကယ်၍ ဝန်ထမ်းများသည် အလုပ်တာဝန်များကို လျစ်လျူရှုပြီး လူမှုကွန်ယက်များပေါ်တွင်သာ အချိန်ကုန်နေမည်ဆိုပါက စွမ်းဆောင်ရည်ပြန်လည်သုံးသပ်ချိန်တွင် တာဝန်လစ်ဟင်းမှုများအတွက် ထည့်သွင်းဖော်ပြသွားမှာဖြစ်ပါသည်။ ကုမ္ပဏီပိုင် (သို့) ကိုယ်ပိုင်သုံး လူမှုကွန်ယက်စာမျက်နှာကို စီမံအသုံးပြုနေသော်လည်း မိမိ၏ အလုပ်တာဝန်ကျေရန်လိုအပ်ပါသည်။ လုပ်ငန်းခွင်တွင် မိမိတို့၏ ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာကို အသုံးပြုခြင်းနှင့် မိမိ၏ အလုပ်တာဝန်ကြောင့် ကုမ္ပဏီပိုင် လူမှုကွန်ယက်စာမျက်နှာ အသုံးပြုခြင်းများအတွက် ရိုးမအုပ်စုမှ ခွဲခြားသတ်မှတ်ပေးသွားမှာဖြစ်ပါသည်။

စည်းကမ်းချိုးဖောက်ခြင်း၏ အကျိုးဆက်များ

လုပ်ငန်းစု၏ လူမှုကွန်ယက်စာမျက်နှာများတွင် တင်သည့်ပို့စ်များကို ရိုးမအုပ်စုမှ စောင့်ကြည့် အကဲခတ်သွားမှာ ဖြစ်ပါသည်။

ချမှတ်ထားသည့် မူဝါဒနှင့် လမ်းညွှန်ချက်များကို မလိုက်နာသည့် ဝန်ထမ်းများသည် စည်းကမ်းချိုးဖောက်သည့်အနေဖြင့် အရေးယူခံရမည်ဖြစ်ပါသည်။ ဝန်ထမ်းများအတွက် ချမှတ်ထားသည့် လူမှုကွန်ယက်မူဝါဒများအတိုင်း လိုက်နာကျင့်သုံးမှုမရှိသည့် အခြေအနေ ဖြစ်ရပ်များမှ (ကန့်သန့်ထားခြင်းမရှိပါ)

  • လူမှုကွန်ယက် စာမျက်နှာများအသုံးပြုရန်အတွက် အလုပ်တာဝန်များကို လျစ်လျုရှုထားခြင်း။
  • အရေးကြီး လျှို့ဝှက်အချက်အလက်များကို ကိုယ်ပိုင် (သို့) ကုမ္ပဏီအကောင့်များမှတစ်ဆင့် ပေါက်ကြားခြင်း။
  • အခြားသူများနှင့် အွန်လိုင်းလူ့အဖွဲ့အစည်းများကို ရည်ညွှန်းသည့် ရိုင်းဆိုင်သော ကွန့်မန့်များ (အသရေဖျက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အန္တရာယ်ဖြစ်စေခြင်း၊ လိင်အသားပေးခြင်း (သို့) လူမျိုးရေးအရ တိုက်ခိုက်ခြင်းများ၊ မကျေမနပ် ပြောဆိုခြင်း၊ ရိုင်းပြကြမ်းတမ်းခြင်း (သို့) ကန့်ကွက်ခြင်းများ ရေးသားခြင်း။

အကယ်၍ ဝန်ထမ်းတစ်ယောက်မှ လူမှုကွန်ယက်စာမျက်နှာ တစ်ခုခုတွင် တင်ရှိထားသည့် အကြောင်းအရာ၊ ပို့စ်များသည် မူဝါဒကို လိုက်နာမှုမရှိခြင်း (သို့) မသင့်လျော်ပါက အဆိုပါ အကြောင်းအရာ၊ ပို့စ်များကို ချက်ချင်း အပြီးပိုင်ဖျက်ပေးရန် ရိုးမအုပ်စုမှ ဝန်ထမ်းအား ညွှန်ကြားစေနိုင်ပါသည်။

ဝန်ထမ်းများ၏ တာဝန်ဝတ္တရားသည် လူမှုကွန်ယက်စာမျက်နှာများတွင် ကောင်းမွန်စွာပြုမူနေထိုင်ရန်သာမက အခြားသူများ တင်ရှိထားသည့် မသင့်လျော်သော ပို့စ်များနှင့် ပြုမှုဆက်ဆံမှုများကို တွေ့ရှိပါကလည်း သက်ဆိုင်ရာထံ အကြောင်းကြားရန် လိုအပ်ပါသည်

ဝန်ထမ်းတိုင်းသည် မိမိတို့၏ ပြုမှုလုပ်ဆောင်မှုများအတွက် အကျိုးဆက်ကို ခံကြရမည်ဖြစ်ပါသည်။ ကုမ္ပဏီပိုင်း လူမှုကွန်ယက်စာမျက်နှာများတွင်သာမက ကုမ္ပဏီ၏ ရည်မှန်းချက်၊ အမြူတေတန်ဖိုးများနှင့် မသက်ဆိုင်သည့် ကိစ္စရပ်များအတွက်ပါ အရေးယူခံရမည်ဖြစ်ပါသည်။

တရားဝင် စာရွက်စာတမ်းများ၊ သတင်းအချက်အလက်များနှင့် လုပ်ငန်းလျှို့ဝှက်ချက်များ ဖော်ပြခြင်း

ဝန်ထမ်းတစ်ဦး၏ တရားဝင် ရာထူး (သို့) အခြားနည်းလမ်းအရ ရရှိထားသော မှတ်တမ်းမှတ်ရာများ၊ စာရွက်စာတမ်းများ နှင့် သတင်းအချက်အလက်များ အားလုံးကို ရိုးမအုပ်စု၏ လုပ်ငန်းလျှို့ဝှက်ချက်များအဖြစ် ထိန်းသိမ်းလျှို့ဝှက်ထားရမည်။ ဝန်ထမ်းများသည် တရားဝင်ခွင့်ပြုချက် မရဘဲ ၎င်းတို့ကို မိတ္တူပွားခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ ကောက်နုတ်ဖော်ပြခြင်း၊ ဘာသာပြန်ခြင်း မပြုလုပ်ရပါ (သို့) အခြားသူများကို ပြုလုပ်ခွင့် မပေးရပါ

(သို့)

ဝန်ထမ်းများသည် ၎င်းတို့၏ တရားဝင် တာဝန်အရ (သို့) တရားရုံးမှ ဥပဒေအရ လိုအပ်၍ဖြစ်စေ ခွင့်ပြု၍ဖြစ်စေ (သို့) စီမံခန့်ခွဲရေးအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖြစ်စေ ခိုင်းစေမှု မရှိဘဲ ထိုသတင်းအချက်အလက်များကို သတင်းဌာနများ (သို့) အခြားသူများကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပေးပို့ခြင်း၊ ထုတ်ဝေခြင်း (သို့) ထုတ်ဖော်ပြောဆိုခြင်းများ မပြုလုပ်ရပါ။ ဤအပိုဒ်သည် ဝန်ထမ်းများအနေဖြင့် ရိုးမအုပ်စုတွင် တာဝန်ထမ်းဆောင်ခြင်း မရှိတော့သည့်အချိန်တွင်လည်း အကျုံးဝင်သည်။

ဤမူဝါဒတွင် လျှို့ဝှက်သတင်းအချက်အလက်များကို ကြည့်ရှုခွင့်ရှိသော ဘုတ်အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကန်ထရိုက်တာများ နှင့် လုပ်အားပေးများ အပါအဝင် ဝန်ထမ်းများအားလုံး အကျုံးဝင်သည်။

လျှို့ဝှက်ထိန်းသိမ်းထားရမည့် ကုမ္ပဏီပိုင် သတင်းအချက်အလက်သည် လျှို့ဝှက်သည်၊ အဖိုးတန်သည်၊ တန်ဖိုးကြီးသည့်အပြင် အလွယ်တကူ ပုံတူပွားခံရနိုင်သည်။ ယေဘုယျ လျှို့ဝှက်သတင်းအချက်အလက် သာဓကများမှာ -

  • ထုတ်ပြန်ထားခြင်း မရှိသော ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များ
  • ကာစတန်မာများ/ မိတ်ဖက်များ/ ရောင်းချသူများ၏ အချက်အလက်များ
  • မူပိုင်ခွင့်၊ ဖော်မြူလာများ (သို့) နည်းပညာအသစ်များ
  • ကာစတန်မာစာရင်း (လက်ရှိကာစတန်မာများနှင့် ဖြစ်နိုင်ခြေရှိသူများ)
  • ပြင်ပအဖွဲ့အစည်းများမှ ကျွန်ုပ်တို့၏ ကုမ္ပဏီကို ယုံကြည်၍ ပေးအပ်ထားသော အချက်အလက်များ
  • ဈေးသတ်မှတ်ခြင်း/ ဈေးကွက်ဖော်ဆောင်ခြင်း နှင့် အခြားသော ထုတ်ပြန်ထားခြင်းမရှိသည့် နည်းဗျူဟာများ
  • လျှို့ဝှက်ချက်အဖြစ် အတိအလင်း သတ်မှတ်ထားသည့် စာရွက်စာတမ်းများနှင့် လုပ်ငန်းစဉ်များ
  • လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသည့် ထုတ်ပြန်ထားခြင်း မရှိသော ရည်မှန်းချက်များ၊ ခန့်မှန်းချက်များနှင့် ပဏာမစီမံချက်များ
  • ဝန်ထမ်းများသည် လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များကို တရားဝင် ကြည့်ရှုနိုင်ခွင့် အဆင့် အမျိုးမျိုး ရှိလိမ့်မည်

ဝန်ထမ်းများ ပြုလုပ်သင့်သော အရာများ -

  • လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များကို အချိန်တိုင်း ထိန်းသိမ်း (သို့) လုံခြုံစွာ သိမ်းဆည်းထားပါ။
  • လျှို့ဝှက်ထားရမည့် စာရွက်စာတမ်းများကို မလိုအပ်တော့သည့်အချိန်တွင် ဖျက်ဆီးပစ်ပါ။
  • လုံခြုံစိတ်ချရသော စက်ပစ္စည်းများဖြင့်သာ လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များကို ကြည့်ရှုပါ။
  • သတင်းအချက်အလက်များကို လိုအပ်လျှင် ခွင့်ပြုချက်ရမှသာ အခြားသော ဝန်ထမ်းများကို ပြောပြပါ။
  • လျှို့ဝှက်ထားရမည့် စာရွက်စာတမ်းများကို ရွှေ့ပြောင်းရန် သေချာပေါက် လိုအပ်သည့်အချိန်မှလွဲ၍ ၎င်းတို့ကို ရိုးမအုပ်စု၏ အဆောက်အအုံပိုင်နက်အတွင်း၌သာ ထားရှိပါ။

ဝန်ထမ်းများ မလုပ်သင့်သော အရာများ -

  • လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များကို မိမိ၏ အကျိုးခံစားခွင့် (သို့) အကျိုးအမြတ်အတွက် အသုံးပြုခြင်း
  • လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်ကို ကုမ္ပဏီပြင်ပမှ တစ်ဦးဦးအား မျှဝေခြင်း
  • ရိုးမအုပ်စုပိုင် လျှို့ဝှက်စာရွက်စာတမ်းများကို မိတ္တူပွား၍ ၎င်းတို့ကို မလုံခြုံသည့် ပစ္စည်းများထဲတွင် သိမ်းဆည်းထားရှိခြင်း
  • ဝန်ထမ်း၏ ရိုးမအုပ်စုတွင် အလုပ်လုပ်ကိုင်ချိန် ပြည့်မြောက်သွားပါက (သို့) ဖျက်သိမ်းလိုက်ပါက ဝန်ထမ်းများသည် မည်သည့်လျှို့ဝှက်ထားရမည့်ဖိုင်ကိုမဆို ပြန်လည်ပေးအပ်ရန် နှင့် ၎င်းတို့၏ ကိုယ်ပိုင်စက်ပစ္စည်းများမှ ထိုဖိုင်များကို ဖျက်သိမ်းပစ်ရန် တာဝန်ရှိသည်။
  • လျှို့ဝှက်ထိန်းသိမ်းရေးဆိုင်ရာ အစီအမံများ
  • လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များကို ကောင်းစွာကာကွယ်ထားကြောင်း သေချာစေရန်အတွက် ရိုးမအုပ်စုသည် အောက်ဖော်ပြပါ အစီအမံများနှင့် အခြားလိုအပ်သည်များကို ဆောင်ရွက်ပါသည်။
  • စာရွက်စာတမ်း မှတ်တမ်းမှတ်ရာများကို သိမ်းဆည်းခြင်းနှင့် ထိန်းသိမ်းထားခြင်း
  • အီလက်ထရောနစ်အခြေခံ သတင်းအချက်အလက်များကို ကွယ်ဝှက်ခြင်း (encryption) နှင့် အခြေခံအချက်အလက်များကို ကာကွယ်ခြင်း
  • ဝန်ထမ်းများကို လုပ်ငန်းပြိုင်မထောင်ရေး နှင့်/သို့မဟုတ် ထုတ်ဖော်ပြောကြားခြင်းမပြုရေး သဘောတူညီချက်များ (NDAများ) လက်မှတ်ထိုးခိုင်းခြင်း
  • အချို့သော လျှို့ဝှက်သတင်းအချက်အလက်များ ကြည့်ရှုခြင်းကို ဝန်ထမ်းများအား ခွင့်ပြုပေးရန် အကြီးတန်း စီမံခန့်ခွဲရေးအဖွဲ့ထံမှ တရားဝင် ခွင့်ပြုမိန့် တောင်းခံခြင်း

ခြွင်းချက်များ

အကြောင်းရင်းခိုင်မာပါက လျှို့ဝှက်သတင်းအချက်အလက်များကို ရံဖန်ရံခါ ထုတ်ဖော်ပြောကြားခြင်းများ ရှိနိုင်သည်။

ဥပမာ -

  • စုံစမ်းစစ်ဆေးရေး (သို့) စာရင်းစစ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် အာဏာပိုင်အဖွဲ့အစည်းမှ တောင်းခံခြင်း
  • ကုမ္ပဏီသည် အချို့သော သတင်းအချက်အလက်များကို ဖော်ထုတ်ရန် လိုအပ်သည့် လက်တွဲလုပ်ကိုင်ခြင်း (သို့) မိတ်ဖက်ဖွဲ့စည်းခြင်းကို လုပ်ဆောင်ခြင်း (တရားဝင်ဘောင်အတွင်း)
  • ထိုကဲ့သို့သော အခြေအနေများတွင် ပါဝင်ပတ်သက်သော ဝန်ထမ်းများသည် ၎င်းတို့၏ ထုတ်ဖော်ပြောကြားမှု လုပ်ငန်းစဉ်ကို မှတ်တမ်းတင်ကာ လိုအပ်သည့် ခွင့်ပြုမိန့်အားလုံးကို တောင်းခံရမည်၊ ထို့အပြင် သတင်းအချက်အလက်များကို လိုအပ်သည်ထက် ကျော်လွန်၍ အသိမပေးရပါ။

စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အကျိုးဆက်များ

လျှို့ဝှက်ထိန်းသိမ်းရေးမူဝါဒအား ချိုးဖောက်မှုတိုင်းကို စုံစမ်းစစ်ဆေးမည်ဖြစ်သည်။ လျှို့ဝှက်ထိန်းသိမ်းရေး မူဝါဒကို မလိုက်နာသော ဝန်ထမ်းများသည် စည်းကမ်းအရ နှင့် ဖြစ်နိုင်လျှင် ဥပဒေအရ အရေးယူခြင်းခံရမည်။ မည်သည့်ဝန်ထမ်းမဆို လျှို့ဝှက်ထိန်းသိမ်းရေးမူဝါဒများကို ကိုယ်ပိုင်အကျိုးစီးပွားအတွက် ရည်ရွယ်ချက်ရှိရှိ (သို့) အမြဲလိုလို ချိုးဖောက်ပါက ရိုးမအုပ်စုသည် ထိုဝန်ထမ်းအား အလုပ်ခန့်အပ်ထားရှိခြင်းကို ချက်ချင်း ရပ်စဲခွင့်ရှိသည်။

ဤမူဝါဒသည် အလုပ်ခန့်အပ်ထားရှိမှု ဖျက်သိမ်းခြင်း (သို့) ပြီးဆုံးခြင်း နောက်ပိုင်းတွင်လည်း တရားဝင်သည်။

လေ့လာသင်ယူမှုနှင့်တိုးတက်မှု

Policy > ရိုးမအုပ်စု၏ မူဝါဒ နှင့် လမ်းညွှန်ချက်များ > လေ့လာသင်ယူမှုနှင့်တိုးတက်မှု

ဝန်ထမ်းတိုင်းအတွက် အောက်ပါကာလများတွင် စွမ်းဆောင်ရည်သုံးသပ်ခြင်းကို  ပြုလုပ်မည်ဖြစ်သည်။ 

  1. အစမ်းခန့်ကာလအဆုံးနှင့်  ရိုးမအုပ်စု၏ အမြဲတမ်း ဝန်ထမ်းအဖြစ် အတည်ပြုချက်မပေးခင်ကာလ။
  2. ဘဏ္ဍာနှစ်တစ်နှစ်ချင်းစီ၏အဆုံး နှင့်
  3. ဝန်ထမ်း၏ စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် အလုပ်ရှင်မှ ကူညီရန်လိုအပ်သည့်အခါ။ 

ကျွန်ုပ်တို့သည် တရားမျှတမှု၊ မတူကွဲပြားမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် အသိအမှတ်ပြုမှုဟူသော အလေ့အထများကို အတူတကွကျင့်သုံးသော ပတ်ဝန်းကျင်တွင် တက်လမ်းများ တည်ဆောက်နိုင်စေရန်အတွက် ကျွန်ုပ်တို့၏ ဝန်ထမ်းများအပေါ်တွင် ရင်းနှီးမြှုပ်နှံထားပါသည်။

ဝန်ထမ်းများတွင် ၎င်းတို့၏ မန်နေဂျာနှင့် ညှိနှိုင်းဆုံးဖြတ်ပြီး အခါအားလျော်စွာ ပြန်လည်သုံးသပ်မှုရှိသော တက်လမ်းအစီအစဉ်တစ်ခု ရှိသင့်သည်ဟု ယုံကြည်ပါသည်။

ဝန်ထမ်းများ၏ အလုပ်တာဝန်နှင့် ဆက်စပ်သော ကျွမ်းကျင်မှုများနှင့် အခြားစွမ်းရည်များအတွက် လေ့ကျင့်သင်ကြားရေး အစီအစဉ်များကို အခါအားလျော်စွာ တက်ရောက်နိုင်စေရန် ဆောင်ရွက်ပေးပါမည်။ အတန်းတက်ရောက်မှုနှင့် ပါဝင်ဆောင်ရွက်မှုတို့ကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး ဝန်ထမ်းများသည် ထိုကဲ့သို့သော အစီအစဉ်များကို စီစဉ်ထားသည့် မည်သည့်အချိန်တွင်မဆို တက်ရောက်ရန် လိုအပ်မည်ဖြစ်ပါသည်။

ရိုးမအုပ်စုအနေဖြင့် ဝန်ထမ်းများအား စုပေါင်းလေ့ကျင့်သင်ကြားရေး အစီအစဉ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များမှတစ်ဆင့် ၎င်းတို့၏ လက်ရှိရာထူး (သို့) ရိုးမအုပ်စုအတွင်းရှိ ရာထူးတို့နှင့် ဆက်စပ်သော ကျွမ်းကျင်မှုအသစ်များကို သင်ယူရန် တိုက်တွန်းလိုပါသည်။

ခေါင်းဆောင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု/ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှု)၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဖန်တီးခြင်း နှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေးခြင်း စသော လေ့ကျင့်သင်ကြားရေး အစီအစဉ်များကို ပံ့ပိုးပေးမည်ဖြစ်သည်။ ဝန်ထမ်းများအတွက် အစီအစဉ်များကို အွန်လိုင်း ( ဒီဂျစ်တယ်နည်းဖြင့် လေ့လာသင်ယူခြင်း)နှင့် အော့ဖ်လိုင်း ( စာသင်ခန်းသင်ယူမှု) ပုံစံနှစ်မျိုးလုံးဖြင့် ရရှိနိုင်ပါသည်။

ဝန်ထမ်းများအနေဖြင့် မည်သည့် လေ့လာမှု (သို့) လေ့ကျင့်သင်ကြားမှုတွင်မဆို ပါဝင်တက်ရောက်ရန် စိတ်ပါဝင်စားပါက စာရင်းပေးသွင်းခြင်း မပြုမီ မိမိ၏ အထက်အရာရှိ (သို့) ဝန်ထမ်းရေးရာဌာနနှင့် တိုင်ပင်ဆွေးနွေးရန် တိုက်တွန်းလိုပါသည်။