ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ
ကိုရိုနာဗိုင်းရစ်ကဘယ်ကစတင်လာသလဲ။
ကိုရိုနာဗိုင်းရပ်စ်ပိုးက တိရစ္ဆာန်တွေမှာဖြစ်ပွားတတ်သည့် ပိုးတစ်မျိုးဖြစ်ပြီး ၎င်းထဲမှ အချို့ကတော့လူတွေမှာပါ ကူးစက်နိုင်ပါသည်။ လင်းနို့များက ဒီပိုးကိုအဓိကသယ်ဆောင်ပြီး အခြားသောတိရစ္ဆာန်မျိုးစိတ်များလည်း သယ်ဆောင်နိုင်ပါသည်။ ဥပမာအားဖြင့် အရှေ့အလယ်ပိုင်းအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (MERS-CoV) က ကုလားအုတ်များမှတစ်ဆင့် လူသို့ကူးဆက်ပြီး ဆားစ်ပြင်းထန်အဆုတ်ရောဂါ (SARS-CoV-2) သည် ကြောင်ကတိုးများမှတစ်ဆင့် လူသို့ကူးဆက်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်က SARS ရောဂါ (သို့မဟုတ်) ရိုးရိုးတုပ်ကွေးရောဂါများနှင့် နှိင်းယှဉ်နိုင်လို့ရပါသလား။
ဆားရောဂါ (SARS-CoV-2) နှင့်အလားသဏ္ဍန်တူညီသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ကနဦးစတင်ဖြစ်ပွားခဲ့ပါသည်။
ယခင်ဆားစ်ရောဂါသည် ၂၀၀၂ နှစ်ကုန်ပိုင်းတွင် တရုတ်ပြည်မှာစတင်ခဲ့ပြီး ၈ လအတွင်း နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ လူပေါင်း ၈၀၀၀ ကျော်ကူးစက်ခံခဲ့ရပါသည်။ ဆားစ်ရောဂါကူးစက်ခံရသည့်လူနာများအနက် ၁၀ ဦးလျှင် ၁ ဦးနှုန်းသေဆုံးခဲ့ပါသည်။
ဇန်နဝါရီလ ၂၀၂၀ မှာ ပထမဦးဆုံး ဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိချိန်မှ ယခု ၁၇ ရက်နေ့ စက်တင်ဘာလအထိ လူပေါင်း သန်း ၃၀ ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားပြီး ဖြစ်ပါသည်။ ၎င်းထဲမှ လူဦးရေပေါင်း ၉၅၀,၀၀၀ သေဆုံးခဲ့ပြီဖြစ်ပြီး ၂၂ သန်းနီးပါးကတော့ ပျောက်ကင်းသွားပြီဖြစ်ပါသည်။
Covid-19 ရောဂါပိုးနှင့် ရိုးရိုးတုပ်ကွေးရောဂါပိုးတို့မှာ လူတစ်ဦးမှတစ်ဦးကူးစက်ခြင်း တူညီပြီး ရောဂါလက္ခဏာများပါ ဆင်တူသည်ဟုထင်ရသော်လည်း ပိုးနှစ်ခုဟာလုံးဝကွဲပြားခြားနားပြီး တစ်ခုနှင့်တစ်ခု လုပ်ဆောင်ချက်များမတူညီကြပါ။
ရိုးရိုးတုပ်ကွေးရောဂါပိုးနှင့်မတူညီသည်မှာ Covid-19 ရောဂါအတွက် ကာကွယ်ဆေးနှင့် ကုသမှုများမရှိသေးပေ။ သာမန်တုပ်ကွေးရောဂါပိုးထက်လည်း ကူးစက်မှုနှုန်းပိုမိုမြန်ဆန်ပါသည်။ ဗိုင်းရပ်စ်ပိုးအသစ်ဖြစ်သည့်အလျှောက် ကိုယ်ခံစွမ်းအားမှာလည်း ဤပိုးကို တိုက်ထုတ်နိုင်စွမ်း မရှိသေးသည့်အတွက် လူတိုင်းအားကူးစက်နိုင်ခြေအလားအလာပိုမိုများပြားပါသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးဘယ်လိုကူးစက်နိုင်သလဲနှင့် ဘယ်လောက်မြန်မြန်ကူးစက်နိုင်သလဲ။
ကနဦးမှာတော့ တိရိစ္ဆာန်များမှအချင်းချင်းကူးစက်ခဲ့သော်လည်း ယခုမှာတော့ လူလူချင်းကူးစက်နေပြီဖြစ်ပါသည်။
ဗိုင်းရပ်စ်ပိုး၏ရှင်သန်ပေါက်ပွားချိန်နှင့် ကူးစက်ချိန်ကို သတင်းရင်းမြစ် အတိအကျ မသိသေးရသော်လည်း ပျမ်းမျှအားဖြင့် ပိုးရှိသူတစ်ဦးမှ နောက်ထပ်နှစ်ဦး (သို့) သုံးဦးသို့ ကူးဆက်နိုင်သည်ဟု ခန့်မှန်းထားကြသည်။
ဗိုင်းရပ်စ်ကူးစက်ခံရပုံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာများဖြစ်တဲ့ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ လူတစ်ဦးနှင့်တစ်ဦးနီးကပ်စွာ ပြောဆိုဆက်ဆံခြင်း (ဥပမာ - တစ်မီတာအောက်နီးကပ်နေခြင်း) များမှတစ်ဆင့် အများဆုံးကူးစက်နိုင်ပါသည်။
နှာချေချောင်းဆိုးခြင်းမှ ထွက်ရှိသည့် အမှုန်အမွှားများကို အနီးအနားရှိလူမှ ရှူသွင်းလိုက်လျှင်သော်လည်းကောင်း၊ လူအထိအတွေ့များသော အရာဝတ္ထုမျက်နှာပြင်ပေါ်သို့ ကျရောက်ပြီး တခြားသူမှထိတွေ့လိုက်လျှင် ၎င်းတို့၏နှာခေါင်း၊ ပါးစပ်၊ မျက်လုံးမှတစ်ဆင့် ကူးစက်နိုင်ပါသည်။
ဗိုင်းရပ်စ်ပိုးသည် copper, cardboard အစရှိသည့် အရာဝတ္ထုများအပေါ်တွင် အချိန်တော်တော်ကြာကြာရှိနေနိုင်ပြီး ပလတ်စတစ်နှင့် စတီးများပေါ်တွင် ရက်အတော်ကြာ တည်ရှိနိုင်ပါသည်။ သို့သော် ပိုးအရေအတွက်သည် အချိန်ကြာလာသည်နှင့်အမျှ လျှော့နည်းလာနိုင်ပြီး ပိုးကူးစက်စေနိုင်သည်အထိ လုံလောက်သည့်အရေအတွက်မရှိနေခြင်းလည်းဖြစ်နိုင်သည်။
ကိုရိုနာဗိုးရပ်စ်၏ရှင်သန်ပေါက်ပွားချိန်ကို မသိရသေးသော်လည်း ၁၀ ရက်မှ ၁၄ ရက်အတွင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြသည်။ပိုးကူးစက်ရပြီးဆိုလျှင် ပထမဦးဆုံးရောဂါလက္ခဏာမှာ ချောင်းဆိုးလာခြင်းဖြစ်ပါသည်။ အချို့လေ့လာတွေ့ရှိချက်များအရ လက္ခဏာမပြမီ နှစ်ရက်အလိုကပင် ကူးစက်ထားပြီးသားလည်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ သို့သော် ကူးစက်ခံရသော်လည်းရောဂါလက္ခဏာမပြသည့်သူများအတွက်မူ ယခုချိန်ထိအဖြေရှာဆဲဖြစ်ပါသည်။
ဘယ်အချိန်မှာ ရောဂါကူးစက်နိုင်သလဲ။
ရောဂါကူးစက်ချိန်ကတော့ ရောဂါလက္ခဏာမပြမှီ နှစ်ရက်တွင်စတင်နေနိုင်ပြီး တချို့တွင် ပိုးကူးစက်စဉ် တချိန်တည်း ရောဂါလက္ခဏာအနည်းငယ် (သို့) လုံးဝမပြသည်လည်း ဖြစ်နိုင်သည်။ ယခုလျှင် ကူးစက်ကာလကို ရောဂါမပြင်းထန်သည့်သူများအတွက် ၇ ရက် မှ ၁၂ ရက်ဟုသတ်မှတ်နိုင်ပြီး ပြင်းထန်သည့်သူများအတွက် ၂ ပတ်အထိကြာမြင့်နိုင်သည်။
Covid -19 ရောဂါဘယ်လောက်ထိဆိုးရွားနိုင်သလဲ။
EU, US, China နှင့် Australia နိုင်ငံများမှ ကနဦးရောဂါ အချက်အလက်များအရ ရောဂါကူးစက်ခံရသူ၏ ၁၀ - ၁၅ ရာခိုင်နှုန်းသည် လိုအပ်သောဆေးကုသမှုခံယူရပြီး ၂ - ၄ ရာခိုင်နှုန်းသည် ရောဂါပြင်းထန်ပါသည်။
ဆေးရုံတွင် အများဆုံးဆေးကုသမှုခံယူရသော အသက်အရွယ်အပိုင်းအခြားမှာ ၆၀ နှစ်နှင့်အထက်ဖြစ်ပြီး အခြားမှာ ရောဂါအခံရှိနေသူများဖြစ်သည်။ ၃၀ - ၅၀ နှစ် အသက်အပိုင်းအခြားသည်လည်း စနစ်တကျဆေးကုသမှုခံယူနိုင်ရချေ များသူများဖြစ်သည်။
၄၀ - ၆၀ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာလုံးဝမပြသည့်သူများဖြစ်သည်။
သတင်းကောင်းအနေဖြင့် ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များမှာ ယခင်ကထက် ပြည့်စုံလာပြီဖြစ်ပြီး ဆေးကုသရာတွင်များစွာ အထောက်အကူပြုလာသည့်အတွက် ယခုလက်ရှိ သေဆုံးမှုနှုန်းမှာ ရောဂါစတင်ဖြစ်ပွားသည့် ဇန်နဝါရီမှ ဧပြီလနှင့်နှိုင်းယှဉ်လျှင် လျှော့နည်းလာပြီဖြစ်သည်။
ရောဂါပိုးကူးစက်ခံရမည့် အန္တရာယ်ကနေဘယ်လိုရှောင်နိုင်မလဲ။
ရောဂါပိုးသည် မျက်လုံး၊ နှာခေါင်း နှင့် သို့မဟုတ် ပါးစပ်မှတစ်ဆင့် လူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်းဖြစ်သည့် အတွက် မသန့်ရှင်းသောလက်များနှင့် မျက်နှာကို ကိုင်တွယ်ခြင်းများအား ရှောင်ရှားရပါမည်။
လက်ကိုဆပ်ပြာ၊ ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ခန့်ဆေးကြောခြင်း (သို့မဟုတ်) အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည် (သို့) တစ်ရှူးတို့ဖြင့် မကြာခဏနှင့် သေသေချာချာဆေးကြောပေးရပါမည်။
သံသယရှိပိုးတွေ့လူနာ၏ ခန္ဓာကိုယ်မှထွက်ရှိသည့် အမှုန်အမွှားများမှတစ်ဆင့် ကူးစက်ခြင်းကို လျှော့နည်းစေရန် လူအချင်းချင်း အနည်းဆုံး တစ်မီတာ (သို့) တစ်မီတာပိုခွာ၍ နေရပါမည်။
အခြားသူများကို ရောဂါပိုးကူးစက်ခြင်းမရှိအောင် ဘယ်လိုရှောင်နိုင်မလဲ။
- ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တံတောင်ဆစ်ကွေးအတွင်းပိုင်း (သို့) တစ်ရှူးဖြင့်လုံ အောင်ဖုံးအုပ်ပြီး သုံးပြီးသားတစ်ရှူးကို လုံအောင်ပိတ်ထားတဲ့အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။
- လက်ကိုဆပ်ပြာ၊ ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ခန့်ဆေးကြောပါ။
- အမှုန်အမွှားများမှတစ်ဆင့် ကူးစက်ခြင်းလျှော့နည်းစေရန် အနည်းဆုံး တစ်မီတာ (သို့) တစ်မီတာပို၍ ကွာဝေးတဲ့နေရာမှာနေပါ။
အချင်းချင်းခပ်ခွာခွာနေထိုင်ခြင်း (Physical Distancing)ဆိုတာဘာလဲနှင့် ဘာကြောင့် လုပ်ဆောင်ရမလဲနှင့် ဘယ်လိုလုပ်သင့်ပါသလဲ။
အချင်းချင်းခပ်ခွာခွာနေထိုင်ခြင်း (Physical Distancing) ဆိုသည်မှာ ကူးစက်သံသယရှိလူနာများနှင့် မကူးစက်သေးသူများကြား (သို့) ကူးစက်နိုင်ခြေမြင့်မားနေသောသူများနှင့် ကူးစက်နိုင်ခြေ မရှိသောသူများကြား ထိတွေ့မှုလျော့နည်းသွားစေရန်ဖြစ်ပါသည်။
ဤသို့နေထိုင်ခြင်း၏ ရည်ရွယ်ချက်မှာ Covid-19 ရောဂါကူးစက်ပြန့်နှံ့မှုကို လျှော့ချစေရန်ဖြစ်ပါသည်။
မှတ်ချက်အနေနဲ့ Physical Distancing သည် ယခုလက်ရှိကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည့် Social Distancing ဝေါဟာရနှင့် တူညီပြီး Physical Distancing ဝေါဟာရအသုံးပြုမှုမှာ လက်ရှိတွင် လုပ်ဆောင်လိုသည့် လူအချင်းချင်းခပ်ခွာခွာနေထိုင်စေခြင်းနှင့် ပိုမိုကိုက်ညီပါသည်။
Physical Distancing လမ်းညွှန်ချက်များအတိုင်း အနာဂတ်တွင်လည်း ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး လမ်းညွှန်ချက်အောင်မြင်မှုမှာ သူငယ်ချင်းများ၊ မိသားစုဝင်များ၊ ချစ်သူခင်သူများကြား ခပ်ခွာခွာ နေထိုင်နိုင်မှုအပေါ် တွင်လည်း မူတည်နေပါသည်။
အင်တာနက်နှင့် ဖုန်းဆက်သွယ်မှုများမှာ Physical Distancing လမ်းညွှန်ချက်အောင်မြင်မှုအတွက် ပိုမိုအရေးပါအရာရောက်လာပါသည်။
လူတစ်ဦးချင်းအနေဖြင့် ကိုယ်တိုင်တွင် ရောဂါပိုးရှိလျှင်သော်လည်းကောင်း၊ ရောဂါပိုးရှိသည်ဟု သံသယရှိလျှင် သော်လည်းကောင်း၊ ပိုးကူးနိုင်မှုမြင့်မားသူများတွင် ပါဝင်လျှင်သော်လည်းကောင်း (ဥပမာ - အသက်အရွယ် အရ ၇၀ ကျော်နေလျှင်၊ အခြားသောပြင်းထန် ရောဂါများရှိထားလျှင်) Physical Distancing ကို လုပ်ဆောင်နိုင် ပါသည်။
မြန်မာနိုင်ငံအပါအဝင် အခြားသောနိုင်ငံတော်တော်များများတွင်လည်း Physical Distancing လမ်းညွှန်ချက်များ ထုတ်ပြန်ထားပြီး Covid-19 ရောဂါကူးစက်ပြန့်နှံ့မှုကို လျှော့ချနေပါသည်။
အဆိုပါထုတ်ပြန်ချက်များမှာ -
- လုပ်ငန်းများနှင့် ပညာရေးသင်တန်းများ လုံးဝ (သို့) တစ်ဝက် ပိတ်ထားခြင်း
- အလုံပိတ်နေရာတွင်နေထိုင်ရသောသူများဖြစ်သည့် ကုသရေးဌာနများ၊ အကျဉ်းထောင်များသို့ လာရောက်သူ ဧည့်သည်များကို ကန့်သတ်လျှော့ချထားခြင်း
- လူများစုဝေးခြင်း၊ လူနည်းစုတွေ့ဆုံခြင်းများအား ကန့်သတ်၊ တားမြစ်ခြင်း နှင့်ဖျက်သိမ်းခြင်း
- အဆောက်အဦးများနှင့် ရပ်ကွက်များတွင် မဖြစ်မနေ quarantine ပြုလုပ်ခြင်း
- နယ်စပ်ဧရိယာများကို ချိတ်ပိတ်ထားခြင်း
- နိုင်ငံအလိုက်၊ ပြည်နယ်အလိုက်၊ မြို့နယ်အလိုက် နေအိမ်တွင်နေထိုင်ရေး အစီအစဉ်များ စီစဉ်ထားရှိခြင်း
- လုပ်ငန်းဌာနများတွင် ဝန်ထမ်းများအား တစ်ဝက်လျှော့ချ၍ ရုံးတက်စေခြင်း
မိမိတွင် Covid -19 ရောဂါလက္ခဏာပြနေလျှင်ဘာလုပ်သင့်သလဲ။
MOHS နှင့် မြို့နယ်အလိုက်၊ ပြည်နယ်အလိုက်၊ နိုင်ငံအလိုက်ချမှတ်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာရန်နှင့် ပန်းလှိုင်ဆေးရုံ၏ Telehealth ဖုန်းနံပါတ်ကို ခေါ်ဆို၍ အကြံဉာဏ်တောင်းခံရန်
နှာခေါင်းစည်းတပ်ဆင်ခြင်းသည် ရောဂါကူးစက်ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်ပါသလား။
နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်အသုံးပြုမည်ဆိုပါက ရောဂါပိုးကူးဆက်မှုအန္တရာယ်ကို ကာကွယ်နိုင်ပါသည်။
မိမိမှာရောဂါလက္ခဏာတွေရှိနေလျှင် တခြားသူတွေကိုကာကွယ်နိုင်ရန် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ (Surgical Mask) ကို တပ်ဆင်နိုင်ပါသည်။
နှာခေါင်းစည်းများအား စနစ်တကျမတပ်ဆင်ပါက လက်၊ နှာခေါင်းနှင့် မျက်လုံးများကိုထိတွေ့မှု ပိုများလာနိုင်သည့်အတွက် ရောဂါကူးစက်မှုကိုမတားဆီးနိုင်ပါ။
ရောဂါကုသရန်အတွက် ဆေးဖော်ထုတ်နိုင်ပြီလား။
ယခုလက်ရှိတွင် လူများတွင်ဖြစ်ပွားသည့် Coronavirus နှင့် Covid -19 ကိုဖြစ်ပွားစေသည့် Coronavirus မျိုးနွယ်စုအားလုံးအတွက် ကာကွယ်ဆေးမရှိသေးပါ။
ထိုကြောင့် ရောဂါကူးစက်မှုကို ကြိုတင်တားဆီးပြီး ပိုးပြန့်နှံ့မှုကိုတားဆီးရန် လုပ်ဆောင်ရပါမည်။
ကာကွယ်ဆေးထုတ်လုပ်ရန်မှာ အချိန်ကြာမြင့်နိုင်ပြီး ဆေးဝါးကုမ္ပဏီများနှင့် ဓာတ်ခွဲခန်းများမှာ ဆေးထုတ်နိုင်ရန် အပြင်းအထန်ကြိုးစားနေကြပါသည်။
ကုသဆေး သေချာစွာအသုံးပြုနိုင်ရန်မှာ များစွာသောစမ်းသပ်ချက်များ ပြုလုပ်ရမည်ဖြစ်သည့်အတွက် နောက်ထပ်လများစွာ၊ နှစ်များစွာကြာနိုင်ပါသည်။
သို့သော်ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးများ၏ ပြောကြားချက်များအရ ဆေးကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ၂၀၂၁ နှစ်လည်ပိုင်းလောက်မှာသာ အသုံးပြုနိုင်လောက်မည်ဖြစ်ပါသည်။
ရိုးရိုးတုပ်ကွေးရောဂါနှင့် Covid -19 ရောဂါသည် လုံးဝမတူသော virus နှစ်မျိုးဖြစ်သည့်အတွက် ရိုးရိုးတုပ်ကွေးရောဂါအား ကုသသည့်ဆေးရှိရုံဖြင့် Covid -19 အားမကာကွယ်နိုင်ပါ။
အရေးကြီးဆုံးမှာတော့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အသိစိတ်နဲ့ တာဝန်ယူမှုပေါ်မူတည်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးကာကွယ်မှုလုပ်နိုင်မှသာ ဒီရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါသည်။
ဟန်ချက်ညီညီရှင်သန်ရေး (တစ်ယောက်ချင်းစီသာမကပဲ လူ့အဖွဲ့အစည်း၊ နိုင်ငံတစ်နိုင်ငံရှင်သန်ရေး) ၊ အသက်မွေးဝမ်းကျောင်း တာဝန်များအားကာကွယ်ရေး (လူ့ပတ်ဝန်းကျင်အတွင်း အနာဂတ်တွင် ကျရောက်လာနိုင်သော လူမှုပြဿနာ၊ ရောဂါဘယများမှ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို အတူတကွ ကာကွယ်ဖြေရှင်းနိုင်ရေး)၊ ကျွန်ုပ်တို့၏ ရည်မှန်းချက်များအား ပြီးမြောက်စေရေး (အလုပ်အကိုင်၊ လူ့အဖွဲ့အစည်း နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှဖြည့်စည်းပေးပြီး ဆက်လက်ကြိုးစားနေထိုင်ရေး) တို့သည် အခုလက်ရှိတွင် အလိုအပ်ဆုံးပင်ဖြစ်ပါသည်။
ကျွန်ုပ်တို့အားလုံး အတူတကွ စည်းစည်းလုံးလုံးဖြင့် ကျော်ဖြတ်ပြီး ရှေ့ဆက်ကျော်လွှားကြပါစို့။