ကျွန်ုပ်တို့၏ ကွန်ရက် နှင့် ကွန်ပျူတာများကို အသုံးပြုခွင့်ရှိသည့် ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ လုပ်အားပေးများနှင့် မိတ်ဖက်များသည် အင်တာနက်အသုံးပြုမှု မူဝါဒတွင် အကျုံးဝင်ပါသည်။
ဝန်ထမ်းများကို အောက်ပါ အကြောင်းပြချက်များအတွက် ရုံးတွင်း အင်တာနက် ချိတ်ဆက်မှုကို အသုံးပြုစေလိုပါသည်။
- ၎င်းတို့၏ အလုပ်တာဝန်များ ပြီးမြောက်စေရန်
- ၎င်းတို့၏ အလုပ် တိုးတက်မှု ရှိစေရန်အတွက် အသုံးပြုနိုင်မည့် သတင်းအချက်အလက်များ ရှာဖွေရန်
- ကျွန်ုပ်တို့၏ လူမှုမီဒီယာမူဝါဒနှင့်အညီ ၎င်းတို့၏ လူမှုမီဒီယာအကောင့်များကို အသုံးပြုရန်
ရိုးမအုပ်စုသည် ဝန်ထမ်းများ၏ နှစ်သက်ရာ ဝက်ဆိုက်များ ကြည့်ရှုခြင်းကို မကန့်သတ်လိုသော်လည်း ဝန်ထမ်းများအနေဖြင့် အင်တာနက်အသုံးပြုရာတွင် သင့်၊မသင့် ဆင်ခြင်သုံးသပ်၍ အသုံးပြုပြီး အလုပ်တာဝန်များ မလစ်ဟင်းစေရန်လည်း မျှော်လင့်ပါသည်။
ကျွန်ုပ်တို့၏ ကွန်ရက်နှင့် ဆက်သွယ်မှုကို အသုံးပြုသည့်အခါတိုင်း ကျွန်ုပ်တို့၏ လျှို့ဝှက်ထိန်းသိမ်းရေး နှင့် အချက်အလက်ကာကွယ်ရေးမူဝါဒကို လိုက်နာရပါမည်။
ဝန်ထမ်းများသည် -
- ၎င်းတို့၏ စကားဝှက်များကို အမြဲတမ်း လျှို့ဝှက်ထားရပါမည်။
- လုံခြုံသည့် စက်ပစ္စည်းများဖြင့်သာ ၎င်းတို့၏ လုပ်ငန်းသုံးအကောင့်များကို ဝင်ရောက်အသုံးပြုရပါမည်။
- အလုပ်နှင့် သက်ဆိုင်သည့် ဝက်ဆိုက်များနှင့် ဝန်ဆောင်မှုများသို့ ဝင်ရောက်ရန် ခက်ခဲသော စကားဝှက်များကို အသုံးပြုရပါမည်။
ဝန်ထမ်းများသည် ကွန်ရက်ကိုအသုံးပြု၍ -
- ညစ်ညမ်းသော၊ စိတ်အနှောင့်အယှက်ဖြစ်စေသော (သို့) တရားမဝင်သော အရာများ ဒေါင်းလုဒ် လုပ်ခြင်း (သို့) တင်ခြင်း မပြုလုပ်ရပါ။
- ခွင့်ပြုမထားသည့် လက်ခံသူများသို့ လျှို့ဝှက်သတင်းအချက်အလကများ မပို့ရပါ။
- အခြားသူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ နှင့် လျှို့ဝှက်ထားရမည်ဖြစ်သော သတင်းအချက်အလက်များကို ကျူးကျော်ဝင်ရောက်ခြင်း မပြုရပါ။
- ဇာတ်ကားများ၊ ဂီတများ နှင့် အခြားသော မူပိုင်ခွင့်ရှိ ပစ္စည်းများ နှင့် ဆော့ဖ်ဝဲများကို ဒေါင်းလုဒ်လုပ်ခြင်း (သို့) တင်ခြင်းများ မပြုလုပ်ရပါ။
- ကွန်ရက်နှင့်ကွန်ပျူတာများ၏ လုံခြုံမှုကို ထိခိုက်နိုင်သည့် အန္တရာယ်များသော ဝက်ဆိုက်များကို ကြည့်ရှုခြင်း မပြုလုပ်ရပါ
- အချက်အလက်များ တရားမဝင် ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ တရားမဝင်သော ကုန်ပစ္စည်းများ ရောင်းချခြင်း/ဝယ်ယူခြင်း ကဲ့သို့သော တရားမဝင်သည့် (သို့) ခွင့်ပြုမထားသည့် လုပ်ဆောင်ချက်များ မပြုလုပ်ရပါ။
- ဝန်ထမ်းများအနေဖြင့် ဖိုင်များနှင့် ဆော့ဖ်ဝဲများ ဒေါင်းလုဒ်ဆွဲခြင်း နှင့် ဖွင့်ကြည့်ခြင်း/စီမံဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် ဂရုတစိုက်ပြုလုပ်ရန် အကြံပေးလိုပါသည်။ ၎င်းတို့အနေဖြင့် ဖိုင်တစ်ဖိုင်သည် လုံခြုံသည်ဟု မသေချာပါက ၎င်းတို့၏ အထက်အရာရှိ (သို့) IT အကူကို မေးမြန်းသင့်ပါသည်။
- ဗိုင်းရပ်စ်တိုက်ဖျက်ခြင်း နှင့် သတင်းအချက်အလက်ကာကွယ်ခြင်း ဆော့ဖ်ဝဲကို ရိုးမအုပ်စု၏ ကွန်ပျူတာများထဲတွင် ထည့်သွင်းထားပါသည်။ ဝန်ထမ်းများသည် စီမံခန့်ခွဲရေးအဖွဲ့၏ ခွင့်ပြုချက် မရှိဘဲ ဆက်တင်များ နှင့် ကွန်ပျူတာရှိ ကာကွယ်ရေးစနစ်များကို ပိတ်ခြင်း (သို့) ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။
- ဝန်ထမ်းများ၏ စက်ပစ္စည်းများသည် ထိခိုက်စေသော ဆော့ဖ်ဝဲများ ကူးစက်မှု ခံရခြင်း (သို့) ဝန်ထမ်း၏ မလျော်ကန်သည့် အသုံးပြုမှုကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အချက်အလက်များ ခိုးယူခံရခြင်းတို့ ဖြစ်ပွားပါက ရိုးမအုပ်စုမှ တာဝန်ယူမည် မဟုတ်ပါ။
ကုမ္ပဏီပိုင် ပစ္စည်းများ
ရိုးမအုပ်စု ပိုင်ဆိုင်သည့် မည်သည့်ပစ္စည်းကိုမဆို ဝန်ထမ်းများက တန်ဖိုးထား၍ ကာကွယ်စောင့်ရှောက်ရမည်။ ဝန်ထမ်းများအတွက် ဤ ကွန်ပျူတာအသုံးပြုခြင်း မူဝါဒရှိ “ကုမ္ပဏီ ပစ္စည်း”များထဲတွင် ကုမ္ပဏီပိုင်ဖုန်းများ၊ laptop များ၊ tablet များ နှင့် အခြားသော လျှပ်စစ်ပစ္စည်းများ ပါဝင်သည်။
ဝန်ထမ်းများသည် ၎င်းတို့၏ စက်ပစ္စည်းများကို အသုံးမပြုပါက ၎င်းတို့၏ စားပွဲများထဲတွင် သော့ခတ်သိမ်းဆည်းထားရန် လိုအပ်သည်။ ထို့အပြင် မည်သည့် ကုမ္ပဏီပိုင်ပစ္စည်းကိုမဆို ရုံးခန်းပြင်ပသို့ ယူဆောင်သွားချိန်တိုင်း ထိုပစ္စည်းများအတွက် တာဝန်ယူရမည်ဖြစ်သည်။
အီးမေးလ်
ဝန်ထမ်းများသည် ဤမူဝါဒစည်းကမ်းကို မချိုးဖောက်သရွေ့ အလုပ်ကိစ္စနှင့် ကိုယ်ရေးကိုယ်တာ နှစ်မျိုးစလုံးအတွက် ၎င်းတို့၏ လုပ်ငန်းသုံးအီးမေးလ်အကောင့်ကို အသုံးပြုနိုင်ပါသည်။ ဝန်ထမ်းများသည် ၎င်းတို့၏ လုပ်ငန်းသုံးအီးမေးလ်ဖြင့် -
- တရားမဝင်သော၊ မလုံခြုံသော၊ နာမည်ပျက်ရှိသော (သို့) သံသယဖြစ်ဖွယ်ရှိသော ဝက်ဆိုက်များနှင့် ဝန်ဆောင်မှုများတွင် စာရင်းသွင်း မှတ်ပုံတင်ခြင်း မပြုလုပ်ရပါ။
- ညစ်ညမ်းသော၊ စိတ်အနှောင့်အယှက်ဖြစ်စေသော (သို့) ခွဲခြားဆက်ဆံမှုရှိသော စာများနှင့် အကြောင်းအရာများ မပေးပို့ရပါ။
- ခွင့်ပြုချက် မရရှိထားသော ကြော်ငြာများ (သို့) ဆွဲဆောင်မြှူဆွယ်သော အီးမေးလ်များ ပို့ခြင်း မပြုလုပ်ရပါ။
- ခွင့်ပြုချက် မရဘဲ ပြိုင်ဖက်၏ ဝန်ဆောင်မှုများ အသုံးပြုရန် မှတ်ပုံတင်ခြင်း မပြုလုပ်ရပါ။
- ရိုးမအုပ်စုသည် လုပ်ငန်းသုံးအီးမေးလ်များကို စောင့်ကြည့်စစ်ဆေးခွင့် ရှိသည်။ ထို့အပြင် ကုမ္ပဏီပိုင်ပစ္စည်းဖြင့် ဝန်ထမ်းများ ကြည့်ရှုသည့် ဝက်ဆိုက်များကိုလည်း စောင့်ကြည့်စစ်ဆေးခွင့်ရှိသည်။
စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှု
ဤ ဝန်ထမ်း အင်တာနက်အသုံးပြုမှု မူဝါဒအား မလိုက်နာသည့် ဝန်ထမ်းများသည် စည်းကမ်းအရ အရေးယူမှု ခံရမည်ဖြစ်သည်
ကြီးလေးသော စည်းကမ်းချိုးဖောက်မှုများ ဖြစ်ပွားပါက အလုပ်မှရပ်စဲခြင်းအထိ ဖြစ်စေနိုင်ပြီး လိုအပ်လျှင် ဥပဒေအရ အရေးယူမည်ဖြစ်သည်။
ကြီးလေးသော စည်းကမ်းချိုးဖောက်မှု သာဓကများမှာ :
- ကျွန်ုပ်တို့၏ အင်တာနက်ဆက်သွယ်မှုကို အသုံးပြု၍ အခြား တရားမဝင် လုပ်ဆောင်ချက်များတွင် ပါဝင်ခြင်း (သို့) ခိုးယူခြင်း
- ကွန်ပျူတာများကို ဗိုင်းရပ်စ်များ၊ ပိုးများ (သို့) အခြားသော အန္တရာယ်ရှိသည့် ဆော့ဖ်ဝဲများ ကူးစက်စေခြင်းကျွန်ုပ်တို့၏ ကာစတန်မာများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဖက်များထံ စိတ်အနှောင့်အယှက်ဖြစ်စေသော (သို့) မလျော်ကန်သော အီးမေးလ်များ ပေးပို့ခြင်း
ဝန်ထမ်းဆိုင်ရာ လူမှုမီဒီယာ မူဝါဒ
ရိုးမအုပ်စု၏ လူမှုမီဒီယာမူဝါဒတွင် လူမှုမီဒီယာအသုံးပြုခြင်းအတွက် မူဘောင်ကို ဖော်ပြထားသည်။ လူမှုမီဒီယာသည် လူအများက သင်ယူရန်၊ တိုးတက်ရန်နှင့် ပျော်ရွှင်ရန်အတွက် သတင်းအချက်အလက်များ၊ အတွေးအမြင်များနှင့် အတွေ့အကြုံများ ဖလှယ်သည့် နေရာတစ်ခုဖြစ်သည်။ ဝန်ထမ်းများသည် မိမိ၏ ကိုယ်ပိုင်အကောင့်ကို အသုံးပြုသည်ဖြစ်စေ၊ လုပ်ငန်းသုံးအကောင့်ကို အသုံးပြုသည်ဖြစ်စေ အကျိုးရှိအောင် အသုံးချရမည်။ ရိုးမအုပ်စုသည် ဝန်ထမ်းတစ်ဦး၏ လုပ်ငန်းခွင်အတွင်း ကိုယ်ပိုင်လူမှုမီဒီယာ အသုံးပြုခြင်းနှင့် တာဝန်များကို လုပ်ဆောင်ရာတွင် လိုအပ်ချက်အရ လုပ်ငန်းသုံးအကောင့်များ အသုံးပြုခြင်းကို ခွဲခြားပေးမည်။ လုပ်ငန်းခွင်တွင် လူမှုမီဒီယာကို သတိမဲ့စွာ အသုံးပြုခြင်းမှ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ရှောင်ရှားရန်အတွက် ဤမူဝါဒတွင် လက်တွေ့ကျသော အကြံဉာဏ်များကို ဖော်ပြထားပါသည်။
ဝန်ထမ်းများ အားလုံးသည် ဤမူဝါဒကို လိုက်နာရမည်။
“လူမှုမီဒီယာ” ဆိုသည်မှာ ဘလော့ဂ်များ၊ လူမှုကွန်ရက်များ၊ စကားပြောခန်းများနှင့် ဆွေးနွေးခန်းများ ကဲ့သို့သော အွန်လိုင်းအဖွဲ့အစည်း အမျိုးမျိုးကို ရည်ညွှန်းသည်။ ဤမူဝါဒတွင် ၎င်းတို့အားလုံး အကျုံးဝင်သည်။
ဝန်ထမ်းများသည် -
၎င်းတို့၏ ပင်ကိုယ်ဆင်ခြင်ဉာဏ်ကို အသုံးပြုရမည်။
လူမှုမီဒီယာပေါ်တွင် အချိန်ဖြုန်းရန်အတွက် ၎င်းတို့၏ အလုပ်တာဝန်များကို လျစ်လျူရှုပါက ၎င်းတို့၏ လုပ်ဆောင်ရည်ကျဆင်းမှုသည် လုပ်ငန်းစွမ်းဆောင်ရည်သုံးသပ်ချက်များတွင် ဖော်ပြခံရမည်ဖြစ်သည်။
ကိုယ်ပိုင်အကောင့် (သို့) ကိုယ်ပိုင်ရေးသားချက်များသည် ကုမ္ပဏီကို ကိုယ်စားမပြုကြောင်း အများကို သိစေရမည်။
ဝန်ထမ်းများသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးအမြင်များနှင့် အကြောင်းအရာများကို ကုမ္ပဏီဘက်မှ တရားဝင်ခွင့်ပြုသည် (သို့) ထောက်ခံချက်ပေးသည်ဟု ပြောဆိုခြင်း (သို့) ရည်ညွှန်းခြင်း မပြုလုပ်ရပါ။
အထင်လွဲမှုများကို ရှောင်ရှားရန်အတွက် “မိမိ၏ ကိုယ်ပိုင်အတွေးအမြင်များ ဖြစ်သည်”ဟူသော ရှင်းလင်းချက်များ အသုံးပြုရန် အကြံပေးလိုသည်။
ခွင့်ပြုချက်မရှိဘဲ ကုန်အမှတ်တံဆိပ် ကဲ့သို့သော ဉာဏပိုင်ဆိုင်မှုပစ္စည်းများအား ကိုယ်ပိုင်အကောင့်တွင် မျှဝေခြင်းကို ရှောင်ကြဉ်ရမည်။
လျှို့ဝှက်ထိန်းသိမ်းရေးမူဝါဒများနှင့် ဥပဒေများသည် အစဉ်အမြဲ အကျုံးဝင်သည်။
အသရေပျက်စေသော၊ စိတ်အနှောင့်အယှက်ဖြစ်စေသော (သို့) ရိုင်းစိုင်းသော မည်သည့် အကြောင်းအရာမျိုးကိုမဆို ရှောင်ရှားပါ။ ၎င်းကဲ့သို့သော အကြောင်းအရာများသည် လုပ်ဖော်ကိုင်ဖက်များ၊ ကာစတန်မာများနှင့် မိတ်ဖက်များကို ရည်ညွှန်းထားပါက ကုမ္ပဏီ၏ အနှောင့်အယှက်မပေးရေးမူဝါဒကို ချိုးဖောက်သည်ဟု မှတ်ယူမည်။
(၁) တိုက်ခိုက်မှု၊ အမုန်းပွားမှုစကား (သို့) အသရေဖျက်စာများ ပါဝင်သော၊ (၂) အဖွဲ့ဝင်ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာလုပ်ပိုင်ခွင့်များကို ချိုးဖောက်သော၊ (၃) လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်း (သို့) ထိန်းချုပ်မှုကို ပျက်ပြားစေခြင်း၊ လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးများကို ပျက်စီးစေခြင်း (သို့) ယုတ်လျော့စေခြင်း၊ လုပ်ဖော်ကိုင်ဖက်များအကြား သဘောထားကွဲလွဲမှုများ ဖန်တီးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်ကို အနှောင့်အယှက်ဖြစ်စေခြင်း (သို့) လုပ်ငန်းဆောင်ရွက်ချက်များ ပျက်စီးစေခြင်း စသည်တို့ဖြင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်အား ပြိုကွဲပျက်စီးစေသော အကြောင်းအရာများ တင်ခြင်းကို ရှောင်ရှားရမည်။
ကုမ္ပဏီကို ကိုယ်စားပြုခြင်း
အချို့သောဝန်ထမ်းများသည် လုပ်ငန်းသုံး လူမှုမီဒီယာအကောင့်များ ကိုင်တွယ်ရခြင်း (သို့) ကုမ္ပဏီကိုယ်စား စကားပြောပေးရခြင်း စသည်တို့ဖြင့် ကုမ္ပဏီကို ကိုယ်စားပြုကြသည်။ ကုမ္ပဏီ၏ အမည်နှင့်ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် ၎င်းတို့အနေဖြင့် ဂရုပြု၍ ချင့်ချိန်လုပ်ဆောင်ရန် မျှော်လင့်ပါသည်။
ဝန်ထမ်းများသည် -
ကုမ္ပဏီကိုယ်စား စကားပြောဆိုဆက်ဆံရာတွင် လေးစားမှုရှိရမည်၊ ယဉ်ကျေးရမည်၊ စိတ်ရှည်ရမည်။ ကာစတန်မာများ နှင့် အစုရှယ်ယာဝင်များအား ထုတ်ပြန်ချက်များ၊ ကတိကဝတ်များ ပေးရာတွင် အထူးဂရုပြုသင့်သည်။
ဖြစ်နိုင်လျှင် မိမိ ကျွမ်းကျင်ရာ နယ်ပယ်ပြင်ပမှ အကြောင်းအရာများ ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။ အခြားသူ၏ တာဝန်ဖြစ်သော မေးခွန်းများ ဖြေခြင်း (သို့) ကြေညာချက်များ ပြုလုပ်ခြင်း မလုပ်မိစေရန် လူတိုင်း ဂရုပြုရမည်။
လျှို့ဝှက်ထိန်းသိမ်းရေးမူဝါဒ နှင့် အချက်အလက်ကာကွယ်ရေးမူဝါဒကို လိုက်နာ၍ မူပိုင်ခွင့်ဆိုင်ရာ၊ ကုန်အမှတ်တံဆိပ်ဆိုင်ရာ၊ ခိုးယူအသုံးပြုမှုဆိုင်ရာနှင့် မျှတစွာ အသုံးပြုခြင်းဆိုင်ရာ ဥပဒေများကို လိုက်နာပါ။
အကျိုးသက်ရောက်မှု ကြီးမားသော အကြောင်းအရာများ မျှဝေတော့မည်ဆိုပါက လုပ်ငန်းအဖွဲ့၏ ဆက်သွယ်ပြန်ကြားရေးဌာန (သို့) သက်ဆိုင်ရာ ဈေးကွက်ဖော်ဆောင်ရေးဌာနကို အကြောင်းကြားပါ။
အကြောင်းပြချက် မရှိဘဲ မှတ်ချက်များကို ဖျက်ခြင်း (သို့) လျစ်လျူရှုခြင်းများ ရှောင်ကြဉ်ပါ။ ဝေဖန်မှုများကို နားထောင်၍ တုံ့ပြန်သင့်သည်။
ခွဲခြားဆက်ဆံမှုရှိသော၊ စိတ်အနှောင့်အယှက်ဖြစ်စေသော (သို့) အသရေပျက်စေသော အကြောင်းအရာများနှင့် မှတ်ချက်များကို ဘယ်သောအခါမျှ မတင်ရပါ။
မှားယွင်းနေသော (သို့) အထင်အမြင်မှားစေသော အကြောင်းအရာများကို တတ်နိုင်သမျှ အမြန်ဆုံး အမှန်ပြင်ပါ (သို့) ဖယ်ရှားပါ။
စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အကျိုးဆက်များ
ရိုးမအုပ်စု၏ လုပ်ငန်းသုံးအကောင့်ဖြင့် လူမှုမီဒီယာတွင် တင်ထားသောအရာများအားလုံးကို ရိုးမအုပ်စုမှ စောင့်ကြည့်စစ်ဆေးမည်ဖြစ်သည်။
ဝန်ထမ်းများသည် ဤမူဝါဒပါ လမ်းညွှန်ချက်များကို မလိုက်နာပါက စည်းကမ်းအရ အရေးယူမည်ဖြစ်သည်။ ဝန်ထမ်းဆိုင်ရာ လူမှုမီဒီယာမူဝါဒကို ချိုးဖောက်ရာကျသည့် သာဓကအချို့မှာ -
- လူမှုမီဒီယာကို အသုံးပြုရန်အတွက် အလုပ်တာဝန်များနှင့် အလုပ်ပြီးစီးရန် သတ်မှတ်ထားသည့် နောက်ဆုံးအချိန်များကို ဥပေက္ခာပြုခြင်း
- ကိုယ်ပိုင် (သို့) လုပ်ငန်းသုံး အကောင့်များဖြင့် လျှို့ဝှက်သတင်းအချက်အလက်များ ထုတ်ဖော်ပြောပြခြင်း
- အခြားသော အွန်လိုင်းအသုံးပြုသူများ စိတ်အနှောင့်အယှက်ဖြစ်စေသည့် မှတ်ချက်များ ရေးသားခြင်း