အလုပ်ခန့်အပ်ခြင်းဆိုင်ရာမူဝါဒ

Policy > ရိုးမအုပ်စု၏မူဝါဒနှင့်လမ်းညွှန်ချက်များ > အလုပ်ခန့်အပ်ခြင်းဆိုင်ရာမူဝါဒ

ဤမူဝါဒသည် လုပ်ငန်းစုအတွင်းလုပ်ဆောင်သည့် ဝန်ထမ်းခန့်အပ်ခြင်းအားလုံးနှင့် သက်ဆိုင်သည်။ မန်နေဂျာများအနေဖြင့် သက်ဆိုင်ရာအလုပ်ရာထူးများအတွက် ဝန်ထမ်းရွေးချယ်ခန့်အပ်ရာတွင် ဤမူဝါဒကို စံသတ်မှတ်ချက်အဖြစ် ထားရှိရန်ဖြစ်ပါသည်။ နေရာဒေသ၏ ဥပဒေရေးရာစည်းမျဉ်းများ၊ ကျန်းမာရေးနှင့် ဘေးကင်းမှုတို့အပြင် လုပ်ငန်းလည်ပတ်မှု လိုအပ်ချက်တို့အပေါ်မူတည် ပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုသို့ ပြောင်းလဲမှုများရှိပါက ဝန်ထမ်းရေးရာဌာနမှ ပြန်လည်သုံးသပ် အတည်ပြုရမည်ဖြစ်သည်။ လုပ်ငန်းစုအနေနှင့် ဝန်ထမ်းများရွေးချယ်ခန့်အပ်ရေးနှင့် သက်ဆိုင်သော ဥပဒေများနှင့်အညီ တာဝန်ယူဆောင်ရွက်သွားရပါမည်

SPA/FMI/YSH တို့အတွက် ဝန်ထမ်းရွေးချယ်ခန့်အပ်ရာတွင် အရှိန်အဝါသုံးစွဲခြင်း၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယုံကြည်ချက်၊ ကျား-မ ခွဲခြားမှု၊ အသက်အရွယ် ၊ အပျိုလူပျိုနှင့် အိမ်ထောင်ရှိခြင်းမရှိခြင်းအပေါ်ခွဲခြားမှု၊ နေရင်းဒေသခွဲခြားမှုတို့ကို ဖိုမလက္ခဏာ အသားပေးဖော်ထုတ်မှု စသည်တို့အပေါ် အခြေမခံဘဲ အရည်အချင်း ပေါ်မူတည်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစွာ ရွေးချယ်ရပါမည်။

ဝန်ထမ်းလစ်လပ်နေရာ ရာထူးများကို ရုံးတွင်းကြေညာမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ရာထူးအဆင့်အတွက် လိုအပ်သော အရည်အချင်းပြည့်မီသည့် ဝန်ထမ်းတိုင်း အခွင့်အရေးရရှိမည်ဖြစ်သည်။ ပြင်ပရှိသူများအား ရွေးချယ်ခန့်အပ်ခြင်းကိုလည်း သင့်လျော်သကဲ့သို့ တစ်ချိန်တည်းမှာ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် ဤမူဝါဒကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

Group Human Resources Talent Acquisition (Group HR) သည် မူဝါဒတိုးတက်ဖြစ်ထွန်းရေး၊ အကောင်အထည်ဖော်ခြင်း နှင့် ပြန်ကြားဆက်သွယ်ခြင်းတို့ကို ဆောင်ရွက်ရန် တာဝန်ရှိပါသည်။

ခန့်အပ်ထားခြင်းခံရသောမန်နေဂျာသည် ဘတ်ဂျက်အပါအဝင် လိုအပ်သောခွင့်ပြုချက်များ၊ ဝန်ထမ်းလစ်လပ်ရာထူးနေရာနှင့်ပတ်သက်သည့် တာဝန်ခွဲအပ်ခြင်းများနှင့် လိုအပ်ချက်တို့ကို အတည်ပြုပေးခြင်း၊ အလုပ်ခန့်လွှာ (ERF) အပြည့်အစုံနှင့် လုပ်ငန်းတာဝန်သတ်မှတ်ချက် (JD) တို့ကိုစီစဉ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးရန် တာဝန်ရှိပါသည်။

Group HR သည် လုပ်ငန်းစုအနှံ့ရှိ အလုပ်အမှုဆောင်အဖွဲ့နှင့် အကြီးတန်းအရာရှိများကို စီမံခန့်ခွဲပြီး အဖွဲ့အတွင်းရှိ လုပ်ငန်းများအား လည်ပတ်စေပါမည်။ Group HR အနေဖြင့် လိုအပ်ပါက လုပ်ငန်းဌာနများတွင် ဝန်ထမ်းခန့်အပ်ခြင်းအတွက် ကူညီပေးမည်ဖြစ်သော်လည်း သာမန်အားဖြင့် လုပ်ငန်းဌာနတစ်ခုတွင် စီမံခန့်ခွဲမှု အဆင့်မဟုတ်သော ဝန်ထမ်းရွေးချယ်ခန့်အပ်မှုများကို လုပ်ငန်းဌာန HR မှသာ စီမံခန့်ခွဲရပါသည်။ ဝန်ထမ်းအသစ်ခန့်အပ်မှုအတွက် လိုအပ်သော အတည်ပြုမှုများ အဆင်ပြေချောမွေ့စေရန်၊ မည်သည့်နည်းလမ်းဖြင့် ဝန်ထမ်းသစ်ရှာဖွေရမည့်အပေါ် ဆုံးဖြတ်ပေးရန်နှင့် သင့်လျော်မှန်ကန်သောဝန်ထမ်းရွေးချယ်မှုဖြစ်စေရန်မှာ Group HR နှင့် Entity HR တို့တွင် တာဝန်ရှိပါသည်။

အလုပ်ခန့်အပ်မည့် မန်နေဂျာနှင့် Group HR/ Entity HR တို့သည် အကျိုးစီးပွားဆိုင်ရာ သဘောထားကွဲလွဲမှုနှင့် ပတ်သက်၍ အကဲဖြတ်ရန်တာဝန်ရှိပြီး ထိုအချက်ကို ဝန်ထမ်းခန့်အပ်ခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် ရာထူးအဆင့် တိုးမြှင့်ပေးခြင်းတို့တွင် ထည့်သွင်းစဉ်းစားပေးရန် လိုပါသည်။

မန်နေဂျာတစ်ဦးသည် ဝန်ထမ်းတစ်ဦးအား အစားထိုးလိုခြင်းဖြစ်စေ၊ ထပ်မံခန့်အပ်လိုခြင်းဖြစ်စေ ERF ပုံစံကို ဖြည့်စွက်ရပါမည်။ ဝန်ထမ်းအသစ်ခန့်အပ်ရန် လျှောက်ထားချက်ကို လုပ်ငန်းဌာနအကြီးအကဲ၏ ခွင့်ပြုချက်နှင့် သက်ဆိုင်ရာ HR မန်နေဂျာ (သို့) HR ကိုယ်စားလှယ်၏ အတည်ပြုချက် ရရှိရန်လိုအပ်ပါသည်။

ERF တွင် လျော်ကန်သော ကျိုးကြောင်းပြချက်ကို ထည့်သွင်းဖော်ပြရပါမည်။ ထည့်သွင်းရမည့် အချက်များမှာ-

  • ဝန်ထမ်းအသစ်လိုအပ်ခြင်းအတွက် အကြောင်းပြချက်
  • ရာထူး၊ လစာနှင့် အစားထိုးခံရမည့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်း (သက်ဆိုင်ပါက)
  • လုပ်ငန်းတာဝန်သတ်မှတ်ချက်
  • အလုပ်စတင်ထမ်းဆောင်ရမည့်နေ့စွဲ
  • အခြားသတင်းအချက်အလက်(ဥပမာ-ရာထူးနေရာသစ်အတွက်လစာနှုန်း)
  • သတ်မှတ်ထားသည့် ဘတ်ဂျက်အတွင်းရှိ၊မရှိ အပြင် ဘတ်ဂျက်ကို ကျော်လွန်နေပါက ကျော်နေသည့် ပမဏကို ဖော်ပြရန် နှင့်ထိုအပိုဘတ်ဂျတ်ကို မည်ကဲ့သို့ ရှာဖွေနိုင်ကြောင်း
  • ဘတ်ဂျက်ထက်ပိုငွေ ကျိုးကြောင်းခိုင်လုံလျှင် ခြားနားငွေအတွက် ကာမိစေရန်ညှိနှိုင်းမှုလုပ်ခြင်း
  • အင်တာဗျူးလုပ်သူ၏အမည်များ

ကုမ္ပဏီသည် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား တတ်နိုင်သမျှ အခွင့်အရေးများ ပေးလိုပါသည်။ လုပ်ငန်းစုအတွင်း လစ်လပ်နေသည့် ရာထူးနေရာများကို လျှို့ဝှက်စရာအကြောင်းမရှိပါက လုပ်ငန်းစုတစ်ခုလုံး သိရှိအောင် Yoma Connect မှတစ်ဆင့် အသိပေးကြေညာသွားပါမည်။ အကယ်၍ ရိုးမဝန်ထမ်းတစ်ဦးမှ လျှောက်ထားလိုပါက Yoma Connect စာမျက်နှာများပေါ်ရှိ အလုပ်အကိုင်ကဏ္ဍမှတစ်ဆင့် လျှောက်ထားရပါမည်။ ဝန်ထမ်းသည် လျှောက်လွှာစာရွက်ကို ပြည့်စုံစွာရေးသွင်းခြင်းဖြင့် ရိုးမအုပ်စု၏ လက်ရှိဝန်ထမ်းတစ်ဦးဖြစ်ကြောင်း အတည်ပြုရမည်ဖြစ်သည်။ လုပ်ငန်းစုအတွင်းမှ ဝန်ထမ်းများအား အလုပ်နေရာခေါ်ယူခြင်းကို Group Talent Acquisition မှ တာဝန်ယူစီမံပါသည်။

မည်သည့်ဝန်ထမ်းမဆို လက်ရှိ အလုပ်ရာထူးတွင်အနည်းဆုံး (၁၈)လ တာဝန်ထမ်းဆောင်ပြီးမှသာ လုပ်ငန်းစုအတွင်း အခြားရာထူးနေရာတစ်ခုအတွက် လျှောက်ထားနိုင်ပါသည်။ မန်နေဂျာများအနေဖြင့် သူတို့၏ လက်အောက်ဝန်ထမ်းများမှ လုပ်ငန်းအတွင်း အခြားအခွင့်အလမ်းရှာဖွေခြင်းကို ဟန့်တားနိုင်ခြင်း မရှိသော်လည်း ရာထူးနေရာအသစ်တစ်ခုသို့ အတည်ပြု မပြောင်းရွှေ့မီ သိရှိထားရပါမည်။ လျှောက်ထားသူ၏ လက်ရှိမန်နေဂျာမှ သဘောတူခြင်းရှိမရှိကို Group Talent Acquisition နှင့် ရာထူးနေရာအသစ်၏ မန်နေဂျာမှ မေးမြန်းရပါမည်။ လက်ရှိမန်နေဂျာအနေနှင့် အဆိုပါ ဝန်ထမ်း၏ စွမ်းဆောင်ရည်နှင့် လျှောက်ထားသည့် ရာထူးနေရာအသစ်နှင့် သင့်လျော်ခြင်းရှိ၊မရှိ စသည့် အကြံပြုချက်များကို ပေးနိုင်ပါသည်။ လစာနှုန်းထားနှင့်ပတ်သက်၍ Group Talent Acquisition မှ ဝန်ထမ်းနှင့် ညှိုနှိုင်းသွားမှာဖြစ်ပါသည်။ Group HR အကြီးအကဲမှ လက်ရှိစီမံခန့်ခွဲရေးအဖွဲ့နှင့်ဆွေးနွေးပြီး သဘောတူညီမှု ရရှိထားပါက ပြောင်းရွှေ့မည့် ဝန်ထမ်းသည် လက်ရှိဌာနတွင် လုပ်သက် (၁၈) လကြာ တာဝန်ထမ်းဆောင်ထားရမည်ဟူသော သတ်မှတ်ချက်ကို လိုက်နာကျင့်သုံးရန် မလိုပါ။

အလုပ်ရာထူး ပြောင်းရွှေ့လိုသည့် ဝန်ထမ်းအနေဖြင့် မိမိ၏ လက်ရှိမန်နေဂျာနှင့် ဆွေးနွေးတိုင်ပင်ရန် အကြံပြုသော်လည်း လုပ်သက် ၁၈ လကြာ တာဝန်ထမ်းဆောင်ပြီးသော ဝန်ထမ်းများအနေဖြင့် ဤအချက်ကို မဖြစ်မနေလုပ်ဆောင်ရန် မလိုပါ။

ဝန်ထမ်းတစ်ယောက်သည် အခြားလုပ်ငန်းဌာန တစ်ခုသို့ပြောင်းရွှေ့သွားသည့်အခါ (အလုပ်ပြောင်းခြင်းကြောင့် အလုပ်နားခြင်း သို့ အလုပ်မှ ရပ်ဆိုင်းခြင်းများ မရှိပါက) သူ၏လုပ်သက်ကို တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ လုပ်သက်အဖြစ် သတ်မှတ်ပါသည်။

ရာထူးနေရာ လစ်လပ်မှုများကို လုပ်ငန်းစုအတွင်း ကြေညာသွားမည်ဖြစ်သော်လည်း ပြင်ပမှ လူသစ်စုဆောင်း တွေ့ဆုံခြင်းများကိုလည်း အလျဉ်းသင့်သလို တစ်ပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်သည်။

ကြေညာချက်များသည် ဥပဒေဆိုင်ရာလိုအပ်ချက်များနှင့် ဝန်ထမ်းခန့်အပ်ခြင်း မူဝါဒတို့နှင့် ကိုက်ညီမှုရှိစေရန်မှာ HR မန်နေဂျာ၏ တာဝန်ဖြစ်ပါသည်။

Group HR နှင့် လုပ်ငန်းဌာနဆိုင်ရာ HR သည် ဝန်ထမ်းသစ်ရှာဖွေမှုအတွက် လိုအပ်သော လှုပ်ရှားမှုလုပ်ငန်းစဉ်များကို အလုပ်ခန့်အပ်မည့် မန်နေဂျာနှင့်အတူ လုပ်ဆောင်သွားပါမည်။ လှုပ်ရှားမှုများတွင် ကြော်ငြာခြင်း၊ ရုံးဌာနရှိ ကြော်ငြာဘုတ်နံရံတွင် ကပ်ထားခြင်း၊ ကုမ္ပဏီ ဝက်ဘ်ဆိုက်များ၊ Linkedln နှင့် အခြား နည်းလမ်းများနှင့် လိုအပ်ပါက Referral policy ကိုလည်း ကျင့်သုံးသွားမှာဖြစ်ပါသည်။ ပြင်ပအေဂျင်စီကို အသုံးပြုမည်ဆိုပါက Group HR မှသာလျင် အတည်ပြုပေးခွင့်ရှိမည်ဖြစ်ပါသည်။

အချို့သောကိစ္စများတွင် လုပ်ငန်းစုရှိဘဏ္ဍာရေးဌာန၏ အတည်ပြုချက်၊ လုပ်ငန်းဌာနအကြီးအကဲနှင့် Group HR ၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းရှာဖွေသည့် အေဂျင်စီများကို အသုံးပြုရမှာဖြစ်ပါသည်။ လုပ်ငန်းစုမှ သတ်မှတ်ပေးသည့် ဘတ်ဂျတ်သတ်မှတ်ချက် နှင့် အတည်ပြုချက်များဖော်ပြထားသည့် အတည်ပြုစာရှိရန် လိုအပ်ပါသည်။

Group HR အနေဖြင့် အထွေထွေသဘောတူညီချက် နှင့် သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် သဘောတူညီချက် နှစ်မျိုးစလုံးအတွက်တာဝန်ရှိပြီး ဝန်ထမ်းရှာဖွေသည့် အေဂျင်စီများနှင့် သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်သည်။ အေဂျင်စီများအနေဖြင့် တောင်းခံမှုမရှိသည့် ကိုယ်ရေးအချက်အလက်များအတွက်ဖြစ်စေ၊ အတည်ပြုခြင်း မရှိသည့် အေဂျင်စီမှ ကိုယ်ရေးအချက်အလက် ပေးပို့ခြင်းများအတွက် အခကြေးငွေရရှိမည် မဟုတ်ပါ။

ခန့်အပ်မည့်သူအားလုံး

လစ်လပ်နေရာအားလုံး (သို့) ရာထူး နေရာသစ်အတွက် လူရွေးချယ်ခြင်း

  • လူတွေ့စစ်ဆေးမှု ပြီးဆုံးပြီးနောက် အင်တာဗျူး အကဲဖြတ်လျှောက်လွှာဖောင်ကို အမြန်ဆုံးဖြည့်စွက်ရန်။
  • လူတွေ့စစ်ဆေးမှုကိုအနည်းဆုံး စစ်ဆေးသူ (၂)ဦးမှပြုလုပ်ရန် (သက်ဆိုင်ရာ မန်နေဂျာနှင့် HR ကိုယ်စားလှယ်တစ်ဦး)
  • အနည်းဆုံး အင်တာဗျူးတစ်ခုကို လူချင်းတွေ့ပြီး ပြုလုပ်ရန်။
  • အလုပ်ခန့်အပ်ရေးအဖွဲ့တွင် အနည်းဆုံး အမျိုးသမီးတစ်ဦး ပါဝင်အောင် ဖွဲ့စည်းထားရန်။

အကြီးတန်းနှင့် အကြီးအကဲရာထူးအဆင့်ရှိ ဝန်ထမ်းခန့်အပ်ရေး

အကြီးတန်းနှင့် အကြီးအကဲ ရာထူးအဆင့်ရှိ ဝန်ထမ်းများ ခန့်အပ်ရေးကိုလည်း အထက်ဖော်ပြပါ လုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်သွားမှာဖြစ်သော်လည်း လူတွေ့မေးမြန်းမှု အကြိမ်အရေအတွက်ကို လုပ်ငန်းဌာန၏အကြီးအကဲနှင့် Group HR မှ လိုအပ်သလို ပြောင်းလဲသတ်မှတ်ပေးသွားမှာဖြစ်ပါသည်။ လျှောက်ထားသူများအနက် အလားအလာရှိသူများကို ရွေးချယ်ရာတွင် အမျိုးသမီးတစ်ဦး အနည်းဆုံးပါရှိရန် လိုအပ်ပါသည်။

ပြည်ပမှအလုပ်လျှောက်သူများသည် အလုပ်ခန့်အပ်ခြင်း အတည်မပြုမီ Group Head HR မှ ကိုယ်တိုင် လူတွေ့စစ်ဆေးမှုကို ခံယူရပါမည်။ လူတွေ့စစ်ဆေးမှုအတွက် မြန်မာနိုင်ငံသို့ ခေါ်ယူခြင်းခံရသော နိုင်ငံခြားသားများ အနေဖြင့် အလုပ်ခန့်အပ်ခြင်းခံရပါက ကုန်ကျခဲ့သည့် လေယာဉ်စရိတ်ကို ပြန်လည်ထုတ်ပေးသွားပါမည် ။ နေထိုင်စရိတ်နှင့် မြန်မာနိုင်ငံအတွင်းခရီးသွားလာ စရိတ်များကို အလုပ်ခန့်အပ်သည့် လုပ်ငန်းဌာနမှ ကျခံပေးပါမည်။

ဝန်ထမ်းများသည် လစ်လပ်နေသောအလုပ်နေရာများအတွက် လိုအပ်သောအရည်အချင်းနှင့် ပြည့်မီမှုရှိသောသူတို့၏ အသိမိတ်ဆွေများကို လူတွေ့စစ်ဆေးမှုများတွင် ပါဝင်ဖြေဆိုရန် အကြံပြုတိုက်တွန်းစေလိုပါသည်။ လစ်လပ်ရာထူးနေရာများကို jobs.yoma.com.mm မှတဆင့် ဝေမျှပေးစေလိုပါသည်။

မိတ်ဆက်ပေးသာဝန်ထမ်းအနေဖြင့် အလုပ်လျှောက်ထားသူသည် ၎င်း၏ အသိအကျွမ်းမိတ်ဆွေဖြစ်ကြောင်း (သို့) ဆွေမျိုးတော်စပ်ကြောင်းကို HR သို့ တင်ပြရန်လိုအပ်ပြီး ခန့်အပ်ရွေးချယ်မှု လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။

မိသားစုဝင်အရင်းအခြာများနှင့် ဆွေမျိုးများကို အလုပ်ခန့်အပ်မှုများအတွက် စီမံခန့်ခွဲရေးအဖွဲ့မှ အထူးသတိထား၍ ဆုံးဖြတ်ရပါမည်။ ဝန်ထမ်း၏ မိသားစုဝင်အရင်းအခြာများနှင့် ဆွေမျိုးများကို လုပ်ငန်းဌာန တစ်ခုတည်း(သို့) ဌာနတစ်ခုတည်းတွင်အတူခန့်ထားခြင်းမပြုရပါ။ထို့အပြင် မိသားစုဝင်၊ ဆွေမျိုးတော်စပ်သူ အချင်းချင်း ထိန်းချုပ်ခြင်း၊ လွှမ်းမိုး ချယ်လှယ်မှုများပြုလုပ်နိုင်ခြင်းနှင့် တိုးတက်အောင်မြင်ရေးအပေါ် သက်ရောက်မှုရှိနိုင်သည့် ရာထူးနေရာမျိုးတွင်လည်း မခန့်အပ်ရပါ။

မိသားစုဝင်အရင်းအခြာ သို့မဟုတ် ဆွေမျိုးများဟု ဆိုရာတွင် ဝန်ထမ်း၏ ဇနီး/ခင်ပွန်း၊ မိဘ၊သားသမီး၊ ညီအစ်ကိုများ၊ ညီအစ်မများ၊ အရင်းဖြစ်စေ ဥပဒေအရမွေးစားခြင်းဖြစ်စေ (သို့) ယောက္ခမ၊ ယောက္ခထီး၊ ယောက်ဖ ၊ ယောင်းမ (ဥပဒေအရဖြစ်စေ ထုံးတမ်းစဉ်လာအရဖြစ်စေ) တို့ပါဝင်ပါသည်။

အထက်ပါတားမြစ်ချက်များအနက်တစ်ခုခုကို မရှောင်လွဲနိုင်ပါက CEO ၏ အတည်ပြုချက်ဖြင့်သာ ချွင်းချက်အဖြစ် ခွင့်ပြုနိုင်ပါသည်။

အလုပ်မခန့်မီ အောက်ပါစာရွက်စာတမ်းများကို ပေးအပ်ရမည်။

  • အလုပ်သမားမှတ်ပုံတင်ကဒ်ပြား (သို့) မြန်မာနိုင်ငံသားမဟုတ်သူများအတွက် နိုင်ငံကူးလက်မှတ် မိတ္တူ၊
  • နောက်ဆုံးရ ကိုယ်ရေးအချက်အလက်များ
  • ယခင်ကုမ္ပဏီတွင် နောက်ဆုံးရခဲ့သော လစာထုတ်ပေးသည့်ဖြတ်ပိုင်း (သို့) လစာအထောက်အထား
  • အလုပ်လျှောက်သူ အစီရင်ခံသည့်မန်နေဂျာ အနည်းဆုံး (၂) ဦးထံမှ ထောက်ခံစာ။ မိသားစုဝင်များ၊ မိတ်ဆွေများ (သို့) လုပ်ဖော်ကိုင်ဖက်များ၏ ထောက်ခံစာများကို အသုံးပြုခွင့်မရှိပါ။
  • မြန်မာနိုင်ငံတွင်နေထိုင်သူများ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာနှင့် အိမ်ထောင်စုစာရင်း၊

တာဝန်စတင်မထမ်းဆောင်မီ အောက်ပါတို့ကို ပေးအပ်ရမည်။

  • ပညာအရည်အချင်းဘွဲ့လက်မှတ်
  • အလုပ်ခန့်အပ်ရန်လက်ခံကြောင်းလိုအပ်သည့်စာရွက်စာတမ်းများ

အစားအသောက်ဆိုင်ရာ စီမံကိုင်တွယ်ရသည့်အလုပ်နှင့် လူနာများနှင့်အနီးကပ် လုပ်ကိုင်ရမည့်သူများအနေဖြင့် အလုပ်မခန့်အပ်မီ ကျန်းမာရေးကောင်းကြောင်း ဆေးစစ်ချက်ရလဒ်ကို တင်ပြနိုင်ရန်လိုအပ်သည်။ ယင်းသို့ ဆေးစစ်ရန်လိုအပ်သော အလုပ်အကိုင်မျိုးအတွက် အလုပ်ကြော်ငြာစာတွင် ထည့်သွင်းဖော်ပြရန်နှင့် လူတွေ့စစ်ဆေးချိန်တွင်လည်း အသိပေးရပါမည်။

Group/Entity HR မှ ထောက်ခံချက်ကို အနည်းဆုံး နှစ်ကြိမ်စစ်ဆေးပြီး အတည်ပြုရပါမည်။ ထောက်ခံချက်ကို အလုပ်လျှောက်သူ၏ ယခင်မန်နေဂျာများနှင့် စစ်ဆေးမေးမြန်းရပါမည်။ မိသားစုဝင်များ၊ မိတ်ဆွေများ (သို့) လုပ်ဖော်ကိုင်ဖက်များထံမှ ရရှိသည့် ထောက်ခံချက်ကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

ဝန်ထမ်းလိုအပ်ချက်ပုံစံ (ERF)တွင် လစာနှုန်းထားနှင့် ယင်းရာထူးအဆင့်တွင် ရရှိနိုင်မည့် အကျိုးခံစားခွင့်များကို ထည့်သွင်းဖော်ပြရပါမည်။ Group HR/Entity HR မှ ယင်းလစာနှုန်း အပိုင်းအခြားအတွင်း အကျုံးဝင်သည့် လစာကို ညှိနှိုင်းမှုပြုလုပ်ပေးရပါမည်။ နောက်ဆုံးအဆင့် အလုပ်ခန့်အပ်ခြင်းမတိုင်မီ Group HR နှင့် Entity HRမှ ပြောင်းလဲမှုများအတွက် ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် လုပ်ငန်းဌာန အကြီးအကဲနှင့် အမြဲချိတ်ဆက်ဆွေးနွေးရန် လိုအပ်ပါသည်။ (သို့ရာတွင် ပြောင်းလဲမှုများသည် ယခင် သတ်မှတ်ထားသည်များထက် ကျော်လွန်သွားပါက သက်ဆိုင်ရာ အတည်ပြုချက်များ ရရှိရန် လိုအပ်ပါသည်။)

လုပ်ငန်းစုနှင့်အသားကျမှုရှိစေရန် ပြုလုပ်ပေးသောအစီအစဉ် ဝန်ထမ်းမိတ်ဆက်ရေး အစီအစဉ် (Group Orientation Program) တွင်ပါဝင်ကြရပါမည်။ လစဉ်ပြုလုပ်သော လုပ်ငန်းစုအလိုက် အစီအစဉ်များလည်းရှိပါသည်။

ဝန်ထမ်းသစ်အားလုံးအတွက် အလုပ်စတင်ဝင်ရောက်သည့်နေ့မှစ၍ ပထမ (၃)လသည် အစမ်းခန့်ကာလ ဖြစ်ပါသည်။ ဝန်ထမ်းအသစ်များမှ အစမ်းခန့်ကာလကို အောင်မြင်စွာ ပြီးဆုံးသွားနိုင်ရန် အလုပ်ခန့်အပ်ထားသည့် မန်နေဂျာအနေဖြင့် လုပ်ငန်းမျှော်မှန်းချက်များနှင့် လိုအပ်ချက်များကို ဝန်ထမ်းအသစ်များ သိရှိအောင် အသိပေးရမည့် တာဝန်ရှိပါသည်။