CrowdStrike ‌ဆော့ဖ်ဝဲ၏ အကြီးစား လွဲချော်မှု

ဇူလိုင် ၁၉ ရက်နေ့တွင် အလွန်အရေးပါသည့် ဆိုက်ဘာလုံခြုံရေး ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် CrowdStrike သည် အမှားပါသည့် update ပြုလုပ်မိရာမှ  ကွန်ပျူတာစနစ်များကို ပျက်စီးချို့ယွင်းစေခဲ့ပါသည်။ မထင်မှတ်၍ ဖြစ်လာသည့် အဆိုပါ ပြဿနာကြောင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ Windows အသုံးပြုသူ သန်းပေါင်းများစွာကို ထိခိုက်စေခဲ့ပါသည်။

CrowStrike သည် ကွန်ပျူတာများကို ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ်များမှ ကာကွယ်ပေးရာတွင် အရေးကြီးသော အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ အဆိုပါ ဆော့ဖ်ဝဲ၏ ချို့ယွင်းမှုကြောင့် ဒိုမီနို အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ကာ စီးပွားရေးလုပ်ငန်းများနှင့် အခြားအရေးကြီး ဝန်ဆောင်မှုများကိုပါ ထိခိုက်စေခဲ့ပါသည်။ အထူးသဖြင့် ကွန်ပျူတာစနစ်ကို အဓိကမှီခိုအသုံးပြုနေရသည့် လေကြောင်းလိုင်းများအနေဖြင့် ထိခိုက်မှုများစွာ ရှိခဲ့ပါသည်။

ဤပြဿနာကို ဖြေရှင်းရာတွင် ထိခိုက်မှုရှိသည့် ကွန်ပျူတာတစ်လုံးချင်းစီကို ကျွမ်းကျင်သူကိုင်တိုင် အချိန်ပေး၍ ကိုင်တွယ်ဖြေရှင်းရပါသည်။ ထို့ကြောင့် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် အချိန်ကြာမြင့်စွာ လုပ်ငန်းရပ်တန့်ထားခဲ့ရပြီး များစွာသော ငွေကြေးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။

ဤအဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် ဆော့ဖ်ဝဲချို့ယွင်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို သိရှိနိုင်ပြီး ဆော့ဖ်ဝဲများ၏ အခြေခံအရင်းအမြစ်များဖြစ်သည့် ကိရိယာများ၊ လုပ်ငန်းစဥ်များ အစရှိသည့် အရာများ၏  ခံနိုင်ရည်ရှိမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါသည်။

 Ref: Standford Report