Blog

လစာ နှင့် လစာမူဝါဒများ

စည်းမျဉ်းစည်းကမ်းအရ မဖြစ်မနေလုပ်ရသော ဖြတ်တောက်ခြင်းများ (ကိုယ်ပိုင် ဝင်ငွေခွန်‌ ပေးဆောင်ခြင်းနှင့် လူမှုဖူလုံရေးအဖွဲ့ကြေး ကဲ့သို့သော)ကို ဝန်ထမ်း၏ လစဉ် လုပ်ခလစာထဲမှ ဖြတ်တောက်သွားမည်ဖြစ်သည်။ ဝန်ထမ်း၏ လုပ်ခငွေထဲမှ ဖြတ်တောက်မှုအားလုံးကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ပြုလုပ်ရမည်ဖြစ်ပြီး လစဉ်ဝန်ထမ်း၏ လစာဖြတ်ပိုင်းထဲတွင် ထည့်သွင်းဖော်ပြရ မည်ဖြစ်ပါသည်။

လုပ်ခငွေ/လစာထဲမှမည်သည့်ဖြတ်တောက်မှုများအတွက်မဆိုသက်ဆိုင်ရာဥပဒေနှင့်အညီလေးစားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပြီးလစဉ်ဝန်ထမ်း၏လစာဖြတ်ပိုင်းထဲတွင်ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။ လစာဖြတ်တောက်ခြင်းအားသက်ဆိုင်ရာဝန်ထမ်းရေးရာဌာနမှလစာထုတ်ရက်မတိုင်မီဝန်ထမ်းကို အသိပေးရမည်ဖြစ်သည်။

ဝန်ထမ်းများ ယှဉ်ပြိုင်လိုစိတ်ရှိစေရန်အတွက် လစာတွက်ချက်မှုပုံစံများကို နှစ်စဉ် ပြန်လည်သုံးသပ်မည်ဖြစ်သည်။ ထို့အပြင် ဝန်ထမ်း၏ စွမ်းဆောင်ရည်ကိုလည်း တစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီး ရိုးမအုပ်စု စီမံခန့်ခွဲရေးအဖွဲ့၏ သီးခြားဆုံးဖြတ်ချက်ဖြင့် လစာကို ပြန်လည်သုံးသပ်နိုင်သည် (သို့) တိုးပေးနိုင်သည်။

ဝန်ထမ်းအကျိုးခံစားခွင့်များ

Policy > ရိုးမအုပ်စု၏ မူဝါဒ နှင့် လမ်းညွှန်ချက်များ > ဝန်ထမ်းအကျိုးခံစားခွင့်များ

ဤမူဝါဒသည် ဝန်ထမ်းများမှ ၎င်းတို့၏ မိသားစုဝင်အသစ်ကို ကြိုဆိုသည့် ပျော်ရွှင်ဖွယ်အခါသမယတွင် ကူညီနိုင်ရန် ရည်ရွယ်ထားပါသည်။

မွေးကင်းစကလေးအတွက် အကျိုးခံစားခွင့်ကို အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းတိုင်း ခံစားခွင့်ရှိပါသည်။ မွေးကင်းစကလေးတစ်ဦးအတွက် တစ်ကြိမ်ပေးငွေကျပ် ၅၀,၀၀၀ ဖြစ်ပြီး အမွှာပူးကလေးများအတွက်လည်း အလားတူခံစားခွင့် တစ်ကြိမ်သာ ရရှိမည်ဖြစ်ပါသည်။

ဝန်ထမ်းများအနေဖြင့် မွေးစာရင်းမိတ္တူကို သက်ဆိုင်ရာလုပ်ငန်းဌာန၏ HR ဌာနသို့ တင်ပြပြီး အကျိုးခံစားခွင့်ကို ရယူနိုင်ပါသည်။

မွေးကင်းစကလေးအတွက် အကျိုးခံစားခွင့်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှ စတင်၍ အကျုံးဝင်ပါသည်။

ရိုးမအုပ်စုတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဝန်ထမ်း၏ အိမ်ထောင်ဖက်၊ မိဘ သို့မဟုတ် သားသမီး သေဆုံးခဲ့ပါက ဝန်ထမ်းသည် နာရေးကုန်ကျစရိတ်များအတွက် ကျပ်တစ်သိန်း (၁၀၀,၀၀၀ကျပ်) အား နာရေးကူညီငွေအဖြစ် ရရှိမည်ဖြစ်ကြောင်းကို ဧပြီလ ၁ရက်နေ့ ၂၀၂၃ မှ စတင်၍ ပြောင်းလဲသတ်မှတ်လိုက်ပါသည်။

ရိုးမလုပ်ငန်းစုအနေဖြင့် မိမိဝန်ထမ်းများအား ပန်းလှိုင်စီလုံဆေးရုံကို ဦးစားပေး အသုံးပြုစေချင်သော်လည်း မဖြစ်မနေ လုပ်ဆောင်ရမည်ဟု မဆိုလိုပါ။ ကုမ္ပဏီအနေဖြင့် ဆေးကုသမှုကုန်ကျစရိတ်အတွက် သတ်မှတ်ထားသည့် ပမာဏအတိုင်း ဝန်ထမ်းများအတွက် ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

(၁) ဤမူဝါဒတွင် ဖော်ပြထားသည့် ခံစားခွင့်များသည် တစ်နှစ်ချင်းစီအပေါ်တွင် အခြေခံသည်။

(၂) ပြင်ပလူနာ ဆေးကုသမှုကုန်ကျစရိတ်အတွက် နှစ်စဉ် ဆေးကုသမှု ကုန်ကျစရိတ်၏ ၈၀% အထိကျခံပေးပြီး၊ တစ်နှစ်လျှင် အများဆုံး ကျပ်ငွေ ၃၀၀,၀၀၀ အထိ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။ ဆေးကုသမှု ကုန်ကျစရိတ်များအပြင် လိုင်စင်ရဆရာဝန်မှ ညွှန်ကြားပေးသော ဆေးဝါးများ၏ ကုန်ကျစရိတ်အတွက်လည်း အကျုံးဝင်ပါသည်။

(၃) အတွင်းလူနာအဖြစ် ဆေးကုသမှုခံရပါက အောက်ပါအတိုင်း ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

  • အတွင်းလူနာအဖြစ် ဆေးကုသမှုအတွက် ကျပ်ငွေ ၂,၀၀၀,၀၀၀ အထိကို ၁၀၀% အပြည့်ပြန်ပေးခြင်း။
  • နောက်ထပ် ဆေးကုသမှုကုန်ကျစရိတ် ကျပ်ငွေ ၂,၀၀၀,၀၀၀ အတွက် ၅၀% ကို ပြန်ပေးခြင်း။

ဥပမာ ၁ - ဝန်ထမ်းတစ်ယောက်သည် အတွင်းလူနာအဖြစ် ဆေးကုသရာ စုစုပေါင်း ကျပ်ငွေ ၂,၅၀၀,၀၀၀ ကုန်ကျသည်ဆိုပါစို့။ ပထမကုန်ကျစရိတ် ကျပ်သိန်း ၂,၀၀၀,၀၀၀ အတွက် အပြည့်ပြန်ပေးပြီး ကျန်သည့် ကုန်ကျစရိတ် ကျပ်ငွေ ၅၀၀,၀၀၀ အတွက် ၅၀% ပြန်ပေးသည့်အတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေ ကျပ်ငွေ ၂,၂၅၀,၀၀၀ ရရှိမည်ဖြစ်ပါသည်။

ဥပမာ ၂ - ဝန်ထမ်းတစ်ယောက်သည် အတွင်းလူနာအဖြစ် ဆေးကုသရာ စုစုပေါင်း ကျပ်ငွေ ၄,၅၀၀,၀၀၀ ကုန်ကျသည်ဆိုပါစို့။ ပထမကုန်ကျစရိတ် ကျပ်သိန်း ၂,၀၀၀,၀၀၀ အတွက် အပြည့်ပြန်ပေးပြီး ကျန်သည့် ကုန်ကျစရိတ် ကျပ်ငွေ ၂,၅၀၀,၀၀၀ အတွက် ၅၀% ကျပ်ငွေ ၁,၂၅၀,၀၀၀ အစား ကျပ်ငွေ ၁,၀၀၀,၀၀၀ ပြန်ပေးမည်ဖြစ်ပြီး စုစုပေါင်း ထောက်ပံ့ကြေးငွေ ကျပ်ငွေ ၃,၀၀၀,၀၀၀ ရရှိမည်ဖြစ်ပါသည်။ (မှတ်ချက်။ ကျပ်သိန်း ၃,၀၀၀,၀၀၀ ဖြင့် ကန့်သတ်ထားသည်။)

ပြောင်းလဲသတ်မှတ်လိုက်သော ဆေးကုသမှုဆိုင်ရာအကျိုးခံစားခွင့်အား ၁ ရက်၊ ၁ လ၊ ၂၀၂၄ မှ စတင်၍ အကျုံးဝင်မည်ဖြစ်သည်။

ဆေးကုသမှု ထောက်ပံ့ကြေးများသည် အောက်ဖော်ပြပါ ကိစ္စရပ်များကြောင့် အတွင်းလူနာ၊ ပြင်ပလူနာအဖြစ် ကုသမှုခံယူခြင်းများအတွက် အကျုံးမဝင်ပါ။

  • သားဖွားမီးယပ်
  • ပလတ်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင်ခြင်း
  • သွားဘက်ဆိုင်ရာကုသခြင်း
  • အလှအပဆိုင်ရာကုသခြင်း
  • အမြင်အာရုံဆိုင်ရာ ကုသခြင်း
  • ယခင်ကတည်းမှ ရှိနေသည့် ရောဂါများကို ကုသခြင်း
  • ရောဂါကြိုတင်ကာကွယ်ရန် ဆေးစစ်ဆေးမှုများ ပြုလုပ်ခြင်း

နာတာရှည်ရောဂါခံစားနေသူဖြစ်ပါက သက်ဆိုင်ရာမန်နေဂျာနှင့် ဌာနဆိုင်ရာ HR တို့ နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးကုသမှုဆိုင်ရာမူဝါဒများကို အောက်ပါသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်

ဆေးကုသမှုစရိတ်အတွက် ထောက်ပံ့ကြေး တောင်းခံခြင်းမပြုမီ ဤမူဝါဒ၏ စည်းကမ်းသတ်မှတ်ချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

ထောက်ပံ့ကြေးတောင်းခံရန်လုပ်ငန်းစဉ်

၁။ ဝန်ထမ်းအနေနှင့် ဆေးကုသစရိတ် ငွေတောင်းခံလွှာပုံစံကို ဆရာဝန်၏ဆေးစာနှင့် ဆေးကုသမှု ကုန်ကျစရိတ်ဖြတ်ပိုင်းတို့ကို အတူပူးတွဲ၍ သက်ဆိုင်ရာ HR ဌာနသို့ တင်ပြတောင်းခံရမည်။

၂။ HR ဌာနမှ ဘဏ္ဍာရေးဌာနနှင့် စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားပါမည်။

၃။ ဆေးကုသစရိတ် ငွေတောင်းခံလွှာပုံစံကို ဆေးကုသမှု ကုန်ကျစရိတ်ဖြတ်ပိုင်းတွင် ဖော်ပြထားသည့် နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ကုမ္ပဏီထံ ပေးအပ်လျှောက်ထားရန်လိုအပ်ပြီး ပြေစာများ၊ ဆေးမှတ်တမ်းများ အစရှိသည့် မူရင်းအထောက်အထားများကိုလည်း ပြည့်စုံစွာ ပူးတွဲတင်ပြရန်လိုအပ်ပါသည်။

၁။ သတ်မှတ်ထားသော ပမာဏကို ကျော်လွန်နေခြင်း။

၂။ ကျိုးကြောင်းဆီလျော်မှုမရှိခြင်း၊ မလိုအပ်ခြင်း (သို့) ကုန်ကျစရိတ် အလွန်အကျွံများနေသည်ဟု ကုမ္ပဏီမှ သတ်မှတ်ယူဆထားခြင်း။

၃။ အတုအပပြုလုပ်၍ လိမ်လည်ခြင်း၊ မှားယွင်းစွာ တင်ပြခြင်း သိို့မဟုတ် အကျိုးဆက်တစ်ခုခုကို ဖုံးကွယ်ထားခြင်း။

၄။ သန္ဓေတားခြင်း၊ သားကြောဖြတ်ခြင်း(သို့မဟုတ် ပြင်ဆင်ခြင်း)၊ မျိုးစပ်ခြင်း၊ ယောကျ်ား သားကြောဖြတ်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများ၊ လိင်အင်္ဂါပြောင်းလဲခြင်း (သို့) လိင်ပိုင်းဆိုင်ရာ ရောဂါအခြေအနေများကြောင့် ကုသမှုခံယူခြင်း။

၅။ မျိုးမပွားနိုင်ခြင်းဆိုင်ရာနှင့် ပက်သက်၍ ပြုလုပ်သည့် ဆေးစစ်ကုသမှုများ။

၆။ ကျောက်ကပ်ပျက်စီး၍ နာတာရှည်ရောဂါဖြစ်ခြင်း၊ ကျောက်ကပ်အလုပ်မလုပ်သဖြင့် ပုံမှန် (သို့) ရေရှည် ကျောက်ကပ်ဆေးရန်လိုအပ်ခြင်း။

၇။ အသက်အရွယ်အိုမင်းလာခြင်းကြောင့် ဖြစ်ပေါ်သည့် လက္ခဏာများ (သို့) ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအတွက် ကုသမှုခံယူခြင်း

၈။ ပြဌာန်းထားသည့် ဆေးကုသမှုဆိုင်ရာ မူဝါဒ၏ သက်ဆိုင်ရာ ပထဝီဒေသ နယ်မြေ ပြင်ပတွင် ဆေးကုသမှုခံယူခဲ့ခြင်းကြောင့် စရိတ်ကုန်ကျခဲ့ခြင်း။

၉။ နှလုံးအတု ထည့်ခြင်းကြောင့် ကုန်ကျစရိတ်များ၊

၁၀။ ဆရာဝန်၏ ဆေးညွှန်းစာမပါဘဲ ဝယ်ယူခဲ့သည့် ဆေးဖိုးဝါးခများ။

၁၁။ ပုံမှန်သောက်နေကျဆေး၊ ရောဂါကာကွယ်ရန် သောက်သောဆေး၊ ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးစစ်ခြင်းများအတွက် ကုန်ကျခြင်း။

၁၂။ အလှအပပြုပြင်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှု၊ ခန္ဓာကိုယ်မှအဆီပိုထုတ်ခြင်း၊ ယင်းသို့ပြုလုပ်ခြင်းကြောင့် ဆေးကုသမှုပြုလုပ်ရသည့် အကျိုးဆက်များ၊ ကို်ယ်အလေးချိန်ချခြင်း (သို့) ကိုယ်အလေးချိန်ဆိုင်ရာပြဿနာများ၊ စိတ်ရောဂါနှင့့် ဆက်စပ်သည်ဖြစ်စေ၊ ဆက်စပ်မှုမရှိသည်ဖြစ်စေ ပုံမှန်မဟုတ်သော အစာစားေ သာက်ခြင်းများ။ (မတော်တဆမှုတစ်ခုခုကြောင့် (သို့) ကင်ဆာရောဂါကြောင့် လိုအပ်သည့် ခွဲစိတ်မှုများမှလွဲ၍)

၁၃။ မတော်တဆမှုတစ်ခုခုကြောင့် (သို့) ဖျားနာခြင်းကြောင့်မဟုတ်ဘဲ မျက်စိ အမြင်အာရုံ အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်း (သို့) အခြားချွတ်ယွင်းချက်များအတွက် ခွဲစိတ်ကုသခြင်း။

၁၄။ လူအိုရုံ၊ Spa၊ ကျန်းမာရေးစင်တာ စသည်ဖြင့် ကျန်းမာရေးကုသစောင့်ရှောက်ပေးရန် အလို့ငှာ ဆေးရုံကဲ့သို့ ဖွင့်လှစ်ထားသည့်နေရာတစ်ခုခုတွင် မိမိနေအိမ်ကဲ့သို့ နေထိုင်ကာ ဆေးကုသသည့်အတွက် နေထိုင်ခနှင့် ဆေးကုသမှုအတွက် ကုန်ကျစရိတ် တောင်းခံခြင်း၊

၁၅။ စိတ်ပိုင်းဆို်င်ရာ (သို့) အာရုံကြော ဆိုင်ရာရောဂါကြောင့် စိတ်ရောဂါနှင့်သက်ဆိုင်သော ကုသမှုခံယူခြင်း၊ စိတ်ကုထုံးဖြင့် ကုသပေးသူ၊ စိတ်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်း။

၁၆။ နျူကလီးယားလက်နက် (သို့) ကရိယာတန်ဆာပလာ (သို့) ဓါတုပစ္စည်း (သို့) ဇီဝဆိုင်ရာ ပစ္စည်းများ အသုံးပြုခြင်း (သို့) ဖြန့်ချိခြင်းတိုးကြောင့် ဖြစ်ပေါ်သည့် အကျိုးဆက်အတွက် တောင်းခံခြင်း နှင့် ကုသမှုခံယူခြင်း။

၁၇။ စစ်ပွဲ၊ ကျူးကျော်ခြင်း၊ ပြည်ပရန်ကျူးကျော်ခြင်း၊ အကြမ်းဖက်လုပ်ရပ်၊ ပြည်တွင်းစစ်ဖြစ်ခြင်း၊ ဆူပူအုံကြွခြင်း၊ တော်လှန်ရေးစစ်ပွဲ၊ ပုန်ကန်မှု၊ စစ်တပ်မှအာဏာသိမ်းခြင်း၊ လူထုအုံကြွမှု၊ အဓိကရုဏ်း စသည်တို့ကြောင့် ဖြစ်ပေါ်သည့် အကျိုးဆက်များအတွက် တောင်းခံခြင်း။

ဤအချက်ကို ကျန်းမာရေးကုသမှုဆိုင်ရာ ထောက်ပ့ံကြေး တောင်းဆိုခွင့်မရှိသော အချက်အဖြစ် ထည့်သွင်းသတ်မှတ်ထားရသည့် အကြောင်းမှာ အင်အားအသုံးပြုခြင်း (သို့) ရက်စက်ကြမ်းကြုတ်ခြင်း၊ တစ်ဦးတည်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်တည်းမှ လုပ်ဆောင်သည်ဖြစ်စေ၊ အခြားအဖွဲ့အစည်း (သို့) အစိုးရ အဖွဲ့အစည်းကို ကိုယ်စားပြု၍ လုပ်ဆောင်ခြင်းဖြစ်စေ၊ နိုင်ငံရေး၊ ဘာသာရေး၊ အတွေးအမြင်၊ (သို့) အလားတူ ကိစ္စရပ်၊ အကြောင်းပြချက်များဖြင့် အစိုးရအဖွဲ့အစည်းကို လွှမ်းမိုးရန်ရည်ရွယ်ခြင်း (သို့) ပြည်သူလူထုအား ကြောက်လန့်အောင် လုပ်ဆောင်ခြင်းဖြစ်သဖြင့် အကြမ်းဖက်သည့် လုပ်ရပ်အဖြစ် သတ်မှတ်ထားခြင်းကြောင့်ဖြစ်ပါသည်။

ရိုးမလုပ်ငန်းအုပ်စုအနေဖြင့် ဝန်ထမ်းဆုံးပါးသွားလျှင် အနီးစပ်ဆုံးမိသားစုဝင် / စာရင်းဝင် အကျိုးဆက်ခံသူအား ထောက်ပံ့ကြေးငွေ ပေးအပ်ပါသည်။

  • လုပ်သက် (၁၀) နှစ်အောက် - ၆ x နောက်ဆုံးရလစာ
  • လုပ်သက် (၁၀) နှစ် အထက် - လုပ်သက်နှစ်ပေါင်း x နောက်ဆုံးရလစာ

သင့်လစာ၏ ၃ လစာအထိ ချေးငွေ ရရှိနိုင်ပါသည်။

တစ်နှစ်လျှင် အတိုးနှုန်း ၈.၅% ဖြစ်ပြီး လစဉ်ချေးငွေ လက်ကျန်ပမာဏနှင့် ချေးငွေကာလပေါ် မူတည်ပြီး တွက်ချက်မှာ ဖြစ်ပါသည်။ လျှောက်ထားခနှုန်း မရှိပါ။

မိမိသဘောတူညီထားသည့် လစဉ် ပြန်လည်ပေးသွင်းရမည့် ပမာဏကို သင်၏ ရိုးမဘဏ် SMART အကောင့်မှ ၁၂ လအတွင်း အလိုအလျောက် နှုတ်ယူသွားမှာ ဖြစ်ပါသည်။

  • ချေးငွေ လျှောက်ထားရန် လျှောက်လွှာပုံစံကို Yoma Connect (//52.220.87.101) မှ ဒေါင်းလုပ်ဆွဲယူနိုင်ပါသည်
  • ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ လျှောက်ထားနိုင်ပါသည်။
  • လျှောက်ထားပြီး ၂၄ နာရီ (ရုံးဖွင့်ရက် တစ်ရက်) အတွင်း အတည်ပြုပေးသွားမှာ ဖြစ်ပါသည်။
  • အခြားအသေးစိတ် သိရှိလိုသည်များအတွက် YRL@yoma.com.mm သို့ အီးမေးလ်ပို့ မေးမြန်းနိုင်ပါသည်။

ရိုးမ၏ အရေးပေါ်ချေးငွေသည် ငွေကြေးအခက်အခဲကြုံနေရသည့် ဝန်ထမ်းများအား ကူညီပေးနိုင်ရန်အတွက် စီစဉ်ထားပေးခြင်းဖြစ်ပါသည်။ ချေးငွေလျှောက်ထားသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစုတွင် နောက် ၁၂ လအထိ အလုပ်ဆက်လုပ်ရန် လိုအပ်ပါသည်။

  • ရိုးမ၏ အရေးပေါ်ချေးငွေ ရယူမည့်ဝန်ထမ်းများ အနေဖြင့်
  • အမှန်တစ်ကယ် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသူများသာ ချေးငွေရယူရန်
  • ချေးငွေကို ၁၂ လအတွင်း ပြန်ပေးဆပ်ရန်
  • ချေးငွေထုတ်ယူထားသည့်ဝန်ထမ်း အလုပ်မှရပ်နားပါက အတိုးနှုန်း ၈.၅% ဖြင့် အပြည့်ပြန်ပေးဆပ်ရန်
  • အလုပ်ထွက်ပြီးနောက်ပိုင်း ချေးငွေကို ရိုးမဘဏ်နှင့်ချိတ်ဆက်၍ ဆက်လက်ရယူထားမည်ဆိုပါက ပုံမှန်အတိုးနှုန်း ၁၄.၅% ဖြင့် သတ်မှတ်သွားရန်

ဤမူဝါဒသည် ရိုးမအုပ်စုတွင် အနည်းဆုံး တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးသော အချိန်ပြည့် ဝန်ထမ်းများအားလုံးအတွက် အကျုံးဝင်ပါသည်။

ကုမ္ပဏီမှ သင်တန်းစာရင်းပေးသွင်းကြေး နှင့် / သို့ စာမေးပွဲဖြေဆိုကြေးများကို သတ်မှတ်ထားသည့် ပမာဏအတိုင်း ဝန်ထမ်းထံ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါသည်။

  • ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများနှင့် ဒီဂရီ/ ဒီပလိုမာသင်တန်းများသည် ဝန်ထမ်းနှင့် ကုမ္ပဏီ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် သင်တန်းမျိုးဖြစ်ရပါမည်။
  • (နှစ်စဉ် / အသင်းဝင်ခွင့်နှင့် စာမေးပွဲ) ကြေးများအတွက် ကုန်ကျစရိတ်များကို တောင်းခံလိုသော ဝန်ထမ်းများအနေဖြင့် မိမိ၏ လုပ်ငန်းဌာနခေါင်းဆောင်မှ သဘောတူ လက်မှတ်ရေးထိုးထားသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လျှောက်လွှာဖောင်ကို မဖြစ်မနေ တင်ပြရန်လိုအပ်သည်။
  • ကုမ္ပဏီသည် နှစ်စဉ် / စာရင်းပေးသွင်းကြေးများနှင့် စာမေးပွဲဖြေဆိုကြေးများကို အောက်ပါအတိုင်း ကျခံပေးသွားမှာဖြစ်ပါသည်။
  • ကုမ္ပဏီသည် နှစ်စဉ် / စာရင်းပေးသွင်းကြေးများကို တစ်နှစ်လျှင်အများဆုံး အမေရိကန်ဒေါ်လာ ၁၀၀ အထိ ပံ့ပိုးပေးမှာဖြစ်ပါသည်။ ပညာရေးတိုးတက်စေနိုင်သည့် အခါမျိုးတွင်သာ ထပ်မံစာရင်းပေးသွင်းခြင်းကို ထည့်သွင်းစဉ်းစားမှာဖြစ်ပါသည်။
  • ဝန်ထမ်းသည် စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်မှသာ စာမေးပွဲကြေးကို အောက်တွင်ဖော်ပြထားသည့် ပမာဏအတိုင်း ကုမ္ပဏီမှ ပြန်လည်ပေးမှာဖြစ်ပါသည်။
တစ်နှစ်အတွက် အများဆုံး ထောက်ပံပေးမည့် စာမေးပွဲကြေး ပြန်လည်ထောင်းခံနိုင်သည့် %
အမေရိကန်ဒေါ်လာ ၁၅၀၀ အထိ စာမေးပွဲကြေး၏ ၈၀%
အမေရိကန်ဒေါ်လာ ၁၅၀၁ မှ ၃၀၀၀ အထိ စာမေးပွဲကြေး၏ ၅၀%

အကယ်၍ စာမေးပွဲကြေးသည် မြန်မာကျပ်ငွေနှင့်ဖြစ်နေပါက သတ်မှတ်ထားသည့် ပမာဏအတိုင်း အမေရိကန်ဒေါ်လာအဖြစ် ပြောင်းလဲသတ်မှတ်ပါမည်။

ငွေလဲလှယ်နှုန်းထားကို ဝန်ထမ်းမှ လျှောက်လွှာဖောင် ပေးအပ်သည့်နေ့စွဲ၏ နှုန်းထားအတိုင်း တွက်ချက်မှာဖြစ်ပါသည်။

  1. ဖွံ့ဖြိုးတိုးတက်ရေးလျှောက်လွှာဖောင် (ဖောင် A) တွင် သင်တန်းအချက်အလက်များကို ဖြည့်စွက်ပြီး သက်ဆိုင်ရာစာရွက်စာတမ်းများကို စုဆောင်းပါ။
  2. လုပ်ငန်းဌာန၏ ခေါင်းဆောင် အကြီးအကဲမှ အတည်ပြု လက်မှတ်ရေးထိုးထားသည့် ဖောင် A ကို သက်ဆိုင်ရာ HR ဌာနထံ ပေးအပ်ပါ။
  3. နှစ်စဉ် / အသင်းဝင်ကြေးကို သတ်မှတ်ထားသည့် ပမာဏ အမေရိကန်ဒေါ်လာ ၁၀၀ အထိ တောင်းခံပါ။
  4. စာမေးပွဲအောင်ပါက ဖွံ့ဖြိုးတိုးတက်ရေးလျှောက်လွှာဖောင် (ဖောင် B) နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို သက်ဆိုင်ရာ HR ဌာနထံ ပေးအပ်ပြီး စာမေးပွဲကြေးအတွက် ပြန်တောင်းပါ။

အချင်းချင်းချိတ်ဆက် ဆက်သွယ်ရေးသည် ကျွန်ုပ်တို့လုပ်ငန်းစု၏ လုပ်ငန်းခွင်ပတ်ဝန်းကျင်အတွက် အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏ နေ့စဥ်လုပ်ငန်းတာဝန်များ ဆောင်ရွက်ရေးအတွက်လည်း အထူးအရေးကြီးပါသည်။

Campus ရှိဝန်ထမ်းများအတွက် တယ်လီဖုန်းဝန်ဆောင်မှု (၃) မျိုး ရှိပါသည်။

  1. Yoma Social Chat
  2. Cisco VoIP phones
  3. Mobile

ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း အချင်းချင်းဆက်သွယ်ရာတွင် လုပ်ငန်းခွင်သုံး Yoma Social chat ကို အသုံးပြုရန် တိုက်တွန်းပါသည်။ ၎င်းတွင် လုပ်ငန်းပိုင်းလိုအပ်ချက်များအရ ဗီဒီယိုခေါ်ဆိုမှု၊ ဖုန်းခေါ်ဆိုမှုတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။

Cisco VoIP ဖုန်းများကို နိုင်ငံရပ်ခြားဖုန်းခေါ်ဆိုမှု လိုအပ်သူများအတွက် သီးသန့်ထားရှိပါသည်။ ဆိုလိုသည်မှာ Campus ရှိ Cisco ဖုန်းအများစုကို ပြန်လည်ဖယ်ရှားပြီး မန်နေဂျာများ၏ ခွင့်ပြုချက်ဖြင့်သာ ပြန်လည် နေရာချထားပေးမည် ဖြစ်သည်။

ဝန်ထမ်းများအားလုံးသည် ဖုန်းထောက်ပံ့ကြေးအစား Telenor Postpaid Package Plan ကို သုံးစွဲစေမည် ဖြစ်သည်။ ၎င်းသည် လက်ရှိ ဖုန်းထောက်ပံ့ကြေး ခံစားခွင့်အားလုံးကို အစားထိုးသွားမည်ဖြစ်သည်။

ယခုဖော်ပြပါ မူဝါဒသည် Campus တွင် ရုံးထိုင်သည့် ဝန်ထမ်းများအားလုံးနှင့် သက်ဆိုင်ပါသည်။

  • Group HR မှ ဖုန်းထောက်ပံ့ကြေး ခံစားခွင့်များကို ဝန်ထမ်းရာထူးနေရာပေါ်မူတည်၍ ပြောင်းလဲခြင်းများကို Telenor နှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်သည်။
  • Group IT သည် Cisco ဖုန်း အသုံးပြုရန် လိုအပ်သည့် ဝန်ထမ်းများအတွက် စီစဥ်ဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။
  • လုပ်ငန်းဌာနအသီးသီးရှိ ငွေစာရင်းဌာနသည် ဝန်ထမ်းများမှ လုပ်ငန်းလိုအပ်ချက်အရ အသုံးပြုသည့် တယ်လီနောဖုန်း လစဥ်အသုံးပြုမှုအတွက် ငွေပေးချေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဝန်ထမ်းများသည် မိမိတို့၏ ကိုယ်ရေးကိုယ်တာအတွက် တယ်လီနောဖုန်း အသုံးပြုရန် လိုအပ်ပါက Scratch cards ( Topped up card ) များကို အသုံးပြုနိုင်ပါသည်။

အလုပ်အကိုင်ရာထူးအလိုက် Postpaid plan ထောက်ပံ့ကြေးများ

အလုပ်အကိုင်ရာထူး Telenor Post Paid Cisco Landline
အဖွဲ့ဝင်များ iBiz A Yes
မန်နေဂျာများ iBiz B နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှု လိုအပ်ပြီး သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရရှိသူများသာ
မန်နေဂျာအဆင့်အောက်ရှိ အခြား ဝန်ထမ်းများ iBiz C နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှု လိုအပ်ပြီး သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရရှိသူများသာ

သတ်မှတ်ထားသည့် ခံစားခွင့်များ

IBiz C Ibiz B Ibiz A
CUG On-net CUG Free
Voice On-net Unlimited
Off-net
Data Data 3.5 GB/ 5 GB 7GB/ 10 GB 18GB
SMS SMS On-net Unlimited
SMS Off-net
International IDD Call 25mins/month 50mins/month 10mins/day
Roaming Data n/a n/a n/a
Roaming Voice n/a n/a n/a
Roaming SMS N/A N/A N/A

ဝန်ထမ်းများ  လိုက်နာရန် အကြံပြုချက်

  • ကုမ္ပဏီမှ ပေးအပ်ထားသော ဖုန်းများကို လုပ်ငန်းလိုအပ်ချက်အတွက်သာ အသုံးပြုရန်နှင့် ကောင်းမွန်ရိုသေစွာ ထိန်းသိမ်းရန်။
  • စာတိုပို့ခြင်း၊ ဖုန်းပြောခြင်းနှင့် အင်တာနက်အသုံးပြုခြင်းတို့ကို လိုအပ်မှာသာ လုပ်ဆောင်ရန်။
  • လိုအပ်ပါက ဖုန်းများကို အသံပိတ်ထားရန် (သို့) ပါဝါပိတ်ထားရန်။
  • အလုပ်ချိန်အတွင်း ဖုန်းပြောပါက မိမိလုပ်ဖော်ကိုင်ဖက်များအား အ‌‌‌နှောက်အယှက်မဖြစ်စေရန် ဖုန်းကို ညှင်သာစွာပြောဆိုရန်။ Campus ရှိ အလွှာတိုင်းတွင် သီးခြားဖုန်းပြောနိုင်ရန် ပြုလုပ်ထားသည့် (phone booth) များကို လိုအပ်သလိုအသုံးပြုရန်။
  • အစည်းအဝေးပြုလုပ်နေစဥ်အတွင်း ဖုန်းဖြေဆိုခြင်းများသည် အခြားသူများကို စိတ်နှောက်အယှက်ဖြစ်စေကာ လေးစားမှုမရှိသည့်သဘောကို သက်ရောက်စေသဖြင့် ဖုန်းဖြေဆိုခြင်းများကို ရှောင်ကြဥ်ရန်။

ဝန်ထမ်းများအနေဖြင့် အောက်ပါတို့ကို မပြုလုပ်ရန်

  • အလုပ်ချိန်အတွင်း ဆဲလ်ဖုန်းဖြင့် ဂိမ်းကစားခြင်း
  • ဖုန်းကင်မရာ (သို့) မိုက်ခရိုဖုန်း ကိုအသုံးပြု၍ လျှို့ဝှက်သတင်းအချက်အလက်များကို မှတ်တမ်းတင်ခြင်း
  • ရုံးရှိ အင်တာနက်ကို အသုံးပြု၍ မသင့်လျော်သော၊ တရားမဝင်သော ၊ ညစ်ညမ်းသော အရာများကို ဒေါင်းလုဒ်ဆွဲခြင်း တင်ခြင်းများကို ပြုလုပ်ခြင်း

လုပ်ငန်းခွင်အတွင်း ဆဲလ်ဖုန်းကို စနစ်တကျအသုံးပြုနည်း

ဝန်ထမ်းများသည် ဆဲလ်ဖုန်းကို အကျိုးရှိစွာအသုံးချနိုင်ပါသည်။ အောက်ပါလိုအပ်ချက်များအတွက် အလုပ်ချိန်အတွင်း ဆဲလ်ဖုန်းများကို အသုံးပြုခွင့်ပေးထားပါသည်။

  • လုပ်ငန်းကိစ္စ အတွက်သာ ခေါ်ဆိုမှုပြုလုပ်ရန်
  • လုပ်ငန်းအတွက် လိုအပ်သော မိုဘိုင်လ်း apps များကို အသုံးပြုရန်
  • အရေးကြီးမက်ဆေ့ချ်များကို စစ်ဆေးရန်
  • ကိုယ်ရေးကိုယ်တာ ခေါ်ဆိုမှုများကို လုပ်ဖော်ကိုင်ဖက်များ၏ အဝေးတွင်ပြုလုပ်ရန်

ကုမ္ပဏီမှ ကြိုတင်အကြောင်းကြားမှုမရှိဘဲ မူဝါဒကို လိုအပ်သလို ပြင်ဆင်ခွင့်ရှိသည်။

ခွင့်ခံစားခွင့်

နှစ်ပတ်လည်ခွင့်ကို သတ်မှတ်ထားသည့် ဧပြီ - မတ် နှစ်ပတ်လည်အတွင်းယူရမည်။ ဝန်ထမ်းအားလုံးသည် ခွင့်ရက်သက်တမ်း သတ်မှတ်နှစ်အသစ်ထဲသို့ နှစ်ပတ်လည်ခွင့် အများဆုံး ၅ ရက်ထိ သယ်ယူပေါင်းထည့်ခွင့် ရှိပါသည်။

ထိုသယ်ယူပေါင်းထည့်ထားသောခွင့် ၅ ရက်ကို ခွင့်ရက်သက်တမ်း သတ်မှတ်နှစ်အသစ်၏ ပထမ ၃ လ (ဧပြီလ ၁ ရက် - ဇွန်လ ၃၀ ရက်) အတွင်း အသုံးပြုရပါမည်။

‌ဇွန်လ ၃၀ ရက်ကျော်လွန်ပြီးနောက် ခွင့်ရက်များကို သယ်ယူပေါင်းထည့်ခွင့်ပြုရန်အတွက် သက်ဆိုင်ရာဝန်ထမ်းအပေါ် တာဝန်ရှိသော မန်နေဂျာမှ ဝန်ထမ်းရေးရာစီမံခန့်ခွဲရေးဌာနနှင့် တိုင်ပင်ဆွေးနွေး၍ သဘောတူထားသော ခွင့်ပြုစာပါရှိရမည်ဖြစ်ပြီး “ခြွင်းချက်သတ်မှတ်ပေးထားသော ကိစ္စရပ်များ” တွင်သာ အသုံးပြုရမည်။ ထိုသို့သော ကိစ္စရပ်မျိုးတွင် ဝန်ထမ်းရေးရာဌာနက Yoma Connect System တွင် လက်ကျန်ခွင့်ရက်များကို လိုအပ်ချက်နှင့်အညီ ချိန်ညှိပြင်ဆင်မှုများ ပြုလုပ်သွားပါမည်။

ဝန်ထမ်းများသည် တစ်နှစ်လျှင် လုပ်ခပြည့်ဆေးခွင့် ၃၀ ရက် ခံစားရယူခွင့်ရှိပါသည်။

ဝန်ထမ်းများအား ၎င်းတို့၏ ဆေးခွင့်ရက်များကို ခွင့်ရက်သက်တမ်းနှစ် (ဧပြီ - မတ်) တစ်နှစ် စသည့်နေ့မှစ၍ ကြိုတင်ခံစားခွင့်ပေးထားပါသည်။

ဆေးခွင့်လျှောက်သည့် ဝန်ထမ်းများသည် ခွင့်‌လျှောက်လွှာကို Yoma Connect App မှတစ်ဆင့် ပေးပို့ရမည်ဖြစ်ပြီး ယူသည့်ခွင့်ရက်သည် နှစ်ရက်ဆက်ထက် ကျော်လွန်ပါက ခိုင်လုံသည့်ဆေးထောက်ခံစာကိုပါ ပူးတွဲပေးပို့ရပါမည်။

ဆေးခွင့်သည် နားရက်၊ ရုံးပိတ်ရက်များ (သို့) ဝန်ထမ်းများ မီးဖွားခွင့်ယူထားသည့်ကာလများအတွက် အကျုံးမဝင်ပါ။

ဝန်ထမ်းအနေဖြင့် ပြင်းထန်သော ရောဂါဝေဒနာကြောင့် ရက် ၃၀ ကျော်လွန်သည်အထိ အလုပ်ပြန်ဆင်းရန် အဆင်မပြေသေးသည့် ဖြစ်ရပ်မျိုးတွင် အောက်ပါအတိုင်း ဆုံးဖြတ်နိုင်သည် -

  • လုပ်ခမဲ့ဆေးခွင့်သက်တမ်းတိုးပေးခြင်း (သို့)
  • ဆေးခွင့်ပေးထားသော အနေအထားအပေါ် ပြန်လည်ဆန်းစစ်ခြင်း (သို့)
  • တာဝန်ထမ်းဆောင်နိုင်စွမ်းမရှိသဖြင့် အလုပ်ခန့်အပ်မှုကို ရပ်ဆိုင်းခြင်း။

ရှောင်တခင်ခွင့်၏ ရည်ရွယ်ချက်သည် ဝန်ထမ်းအနေဖြင့် အရေးကြီးသည့် (သို့) ကြိုတင်မသိနိုင်သည့် အရေးကြီးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။

ဝန်ထမ်းအားလုံးသည် တစ်နှစ်လျှင် ((ဧပြီ - မတ်) လုပ်ခပြည့်ရှောင်တခင်ခွင့် စုစုပေါင်း ၆ ရက် ခံစားခွင့်ရှိသည်။ ရှောင်တခင်ခွင့်ကို အချိုးကျစနစ်ဖြင့် ပေါင်းပေးပါသည်။

ရှောင်တခင်ခွင့်ကို ဘာသာရေးဆိုင်ရာ အခါကြီးရက်ကြီးပွဲတော်များမှလွဲ၍ တစ်ကြိမ်ယူလျှင် ၃ ရက် ဆက်တိုက်ထက်ပို၍ မယူရပါ။

အသုံးမပြုထားသော ရှောင်တခင်ခွင့်ရက်များအား သယ်ယူပေါင်းထည့်နိုင်မည်မဟုတ်ဘဲ လစာထဲ ပေါင်းထည့်ပေးမည်လည်း မဟုတ်ပါ။

ရှောင်တခင်ခွင့်ယူလိုသော ဝန်ထမ်းများသည် ၎င်းတို့၏ တာဝန်ရှိ မန်နေဂျာထံသို့ ကြိုတင်၍ အကြောင်းကြားရမည်ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ မိမိတာဝန်ချိန်မတိုင်မီ တစ်နာရီအလိုထက် နောက်မကျဘဲ အကြောင်းကြားရပါမည်။ သက်ဆိုင်ရာ ရှောင်တခင်ခွင့်လျှောက်လွှာကို ၎င်းတို့ လုပ်ငန်းခွင်ပြန်ဝင်ပြီး သုံးရက်အတွင်း Yoma Connect App မှတစ်ဆင့် ပေးပို့ရမည်ဖြစ်ပါသည်။

ဝန်ထမ်းများသည် လုပ်သက် ၆ လ ပြည့်ပြီးမှသာလျှင် လက်ထက်ထိမ်းမြားရန်ခွင့်ကို ၆ ရက်ဆက်တိုက် (စနေ၊ တနင်္ဂနွေ အပါအဝင်) ခံစားခွင့်ရှိသည်။ လက်ထပ်ထိမ်းမြားရန်ခွင့်လျှောက်လွှာကို ကြိုတင်၍ ပေးပို့ရမည်ဖြစ်ပြီး မင်္ဂလာပွဲဖိတ်စာ (သို့) လက်ထပ်စာချုပ် (မင်္ဂလာဆောင်ပြီးနောက်) နှင့်အတူ ပေးပို့ရမည်။

ရိုးမလုပ်ငန်းစု၏မီးဖွားခွင့် မူဝါဒ

ဤအနာဂတ်အစီအစဉ်သည် ၂၀၂၀ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်၍အကျိုးသက်ရောက်ပါသည်။ အနာဂတ်အစီအစဉ်အားရိုးမလုပ်ငန်းစုတွင်လုပ်ကိုင်နေသောအမျိုးသမီးဝန်ထမ်းတိုင်းခံစားခွင့်ရှိပါသည်။

ရည်ရွယ်ချက်

မီးဖွားခွင့်ဆိုသည်မှာကိုယ်ဝန်ဆောင်မိခင်များ  ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီဖွားချိန် နှင့် ကလေးမွေးဖွားပြီး ကလေးအားပြုစုချိန်များတွင် အလုပ်မှ ခေတ္တခဏအနားယူခြင်းဖြစ်ပါသည်။

ဝန်ထမ်းတစ်ဦးသည် မီးဖွားခွင့်အတွက်အချိန်မည်မျှရနိုင်ပါသနည်း။

မြန်မာနိုင်ငံ၏အလုပ်သမားဥပဒေလက်အောက်တွင်အလုပ်လုပ်ကိုင်သောဝန်ထမ်းများသည် မီးဖွားခွင့် ၁၄ ပတ်ရရှိပါသည်။ သို့သော်လည်း ရိုးမလုပ်ငန်းစုသည် အမျိုးသမီးဝန်ထမ်းများအတွက် အထူးမွေးဖွားခွင့်အားထားရှိပေးထားပါသည်။ ရိုးမလုပ်ငန်းစုအတွင်းလုပ်ကိုင်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးဝန်ထမ်းတစ်ဦးသည် မီးဖွားခွင့် ၂ဝပတ် အားလစာအပြည့်ဖြင့်ခွင့်ရယူနိုင်ပါသည်။

လုပ်ထုံးလုပ်နည်း 

  • ဝန်ထမ်းသည် မီးဖွားခွင့်ယူရန် ခွင့်ယူရက်မတိုင်မှီ ၃လ ကြိုတင်အကြောင်းကြားရမည်။
  • ဝန်ထမ်းသည် မီးဖွားခွင့်အား မန်နေဂျာဖြင့်ဆွေးနွေးတိုင်ပင်၍ Yoma Connect App တွင်ခွင့်တင်ရမည်။
  • ဝန်ထမ်းသည် မီးဖွားခွင့်အား မီးမဖွားခင် ၆ပတ်အလိုမှစတင်၍ရယူနိုင်သည်။
  • ဝန်ထမ်းသည် မီးဖွားခွင့်မယူမှီ အလုပ်တာဝန်များအား သေချာစွာလွှဲပြောင်းပေးရမည်။

အမျိုးသားဝန်ထမ်းများသည် ကလေးမွေးဖွားပြီးသည့် တစ်နှစ်အတွင်း လုပ်ခပြည့်ခွင့်ရက် စုစုပေါင်း ၁၅ ရက် ခံစားခွင့်ရှိပါသည်။ ထို ၁၅ ရက်သည် ဆက်တိုက်ယူစရာမလိုဘဲ တစ်နှစ်လုံး ခွဲယူနိုင်ပါသည်။ ဖခင်ခွင့်လျှောက်ထားသော ဝန်ထမ်းများသည် Yoma Connect App မှတစ်ဆင့် လျှောက်လွှာပေးပို့သည့်အခါ ကလေး၏ မွေးစာရင်းကိုပါ ပေးပို့ရပါမည်။

အချိန်ပြည့် ဝန်ထမ်းများအားလုံးသည် အစမ်းခန့်ကာလပြီးမြောက်ပြီးနောက် ပြက္ခဒိန်နှစ်တစ်နှစ်လျှင် (ဧပြီ - မတ်) စာမေးပွဲဖြေဆိုခွင့် ၇ ရက် ခံစားခွင့်ရှိပါသည်။ ဝန်ထမ်းဘက်မှ စာမေးပွဲ ရက်စွဲပါရှိသော ထောက်ခံစာများ ပေးထားလျှင် စာမေးပွဲဖြေဆိုခွင့်ကို ခံစားခွင့်ပေးပါမည်။ ဝန်ထမ်းများအား ပညာသင်ရန်ခွင့် ခံစားခွင့်မပေးထားပါ။

တစ်ပတ်လျှင် ၅ ရက်အောက် (သို့) တစ်နေ့လျှင် ၈ နာရီအောက် အလုပ်ဆင်းရသော အချိန်ပိုင်း ဝန်ထမ်းများအတွက် ၎င်းတို့ တာဝန်ထမ်းဆောင်ထားသော အချိန်ရာခိုင်နှုန်းအလိုက် စာမေးပွဲဖြေဆိုခွင့်ကို အချိုးကျစနစ်ဖြင့် ခံစားခွင့်ပေးပါမည်။

ထိုစာမေးပွဲများသည် ဝန်ထမ်း၏ လက်ရှိရာထူး (သို့) လုပ်ငန်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆက်စပ်မှုရှိကြောင်း အတည်ပြုထားသော ပညာရပ်နယ်ပယ်အတွက် ဖြစ်မှသာ စာမေးပွဲဖြေဆိုခွင့်ကို လျှောက်ထားခွင့်ရှိပါသည်။ စာမေးပွဲများနှင့် သင်ယူသည့် ဘာသာရပ်သည် ကိုယ်ရေးကိုယ်တာအတွက်ဖြစ်ပါက ဝန်ထမ်းသည် သူ၏ နှစ်ပတ်လည်ခွင့် ခံစားခွင့်များကို အသုံးချရပါမည်။

စာမေးပွဲဖြေဆိုခွင့်တိုင်းအတွက် လျှောက်လွှာများကို ကြီးကြပ်ရေးမှူး/ တာဝန်ရှိ မန်နေဂျာထံသို့ ကြိုတင်၍ ပေးပို့ရမည်ဖြစ်ပြီး ကြိုတင်ခွင့်ပြုခြင်းမရှိဘဲ ခွင့်ယူပိုင်ခွင့်မရှိပါ။

ဝန်ထမ်းများသည် စာမေးပွဲဖြေဆိုခွင့်အတွက် Yoma Connect App မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။

ဝန်ထမ်းများ၏ မိသားစုဝင်အရင်းအချာများ (မိဘများ၊ ဇနီး/ခင်ပွန်း၊ သားသမီးများ၊ မွေးချင်းများသာ) ကွယ်လွန်သွားပါက ပြက္ခဒိန်နှစ်တစ်နှစ်လျှင် (ဧပြီ - မတ်) သာရေးနာရေးခွင့် (စနေ၊တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်များ အပါအဝင်) ၇ ရက်ကို ခံစားခွင့်ရှိသည်။

ဝန်ထမ်းသည် ခိုင်လုံသောအကြောင်းပြချက် (သို့) ကြိုတင်ခွင့်ပြုထားခြင်း မရှိဘဲ အလုပ်မှ ခွင့်ပြုပေးထားသော ခွင့်ရက်ထက်ကျော်လွန်ကာ အလုပ်ပျက်ကွက်သည့်အခြေအနေမျိုးတွင် ထိုပျက်ကွက်မှုကို လုပ်ခမဲ့ဟု သတ်မှတ်၍ ပျက်ကွက်သည့် ကာလအတွက် ဝန်ထမ်း၏ လုပ်ခ/လစာ ထဲမှ နုတ်ယူသွားမည်ဖြစ်သည်။

အလုပ်ချိန်၊ အချိန်ပို နှင့် အများပြည်သူရုံးပိတ်ရက်များ 

Policy > ရိုးမအုပ်စု၏ မူဝါဒ နှင့် လမ်းညွှန်ချက်များ > အလုပ်ချိန်၊ အချိန်ပို နှင့် အများပြည်သူရုံးပိတ်ရက်များ 

ဝန်ထမ်းသည် အရေးပေါ်အမှုကိစ္စ တစ်ခုခုကြောင့် ((က) အလုပ်နောက်ကျခြင်း (ခ) အလုပ်မှစောပြန်လိုခြင်း (သို့) (ဂ) အလုပ်မှပျက်ကွက်ခြင်း) တို့အတွက် မိမိ၏ မန်နေဂျာထံ ကြိုတင် (သို့) သိသိချင်း အကြောင်းကြားရန် တာဝန်ရှိပါသည်။

ခွင့်ပြုချက်မရှိဘဲ အလုပ်နောက်ကျခြင်း၊ အလုပ်မှစောပြန်ခြင်း (သို့) ရက်ကြာရှည်ပျက်ကွက်ခြင်းတို့ရှိပါက ဝန်ထမ်းအား အရေးယူအပြစ်ပေးနိုင်ပါသည်။

  1. ထမင်းစားချိန်ကို လုပ်ငန်းဌာနတစ်ခုချင်းစီ၏ လုပ်ငန်းသဘောသဘာဝအရ သတ်မှတ်ထားပါသည်။ ဝန်ထမ်းများသည် အထူးအလုပ်ကိစ္စတစ်ခုခု ရှိနေချိန်မှလွဲ၍ သတ်မှတ်ထားသောအချိန်တွင်သာ နေ့လည်စာ စားသုံးရပါမည်။
  2. အချိန်ပိုလုပ်သော ကြာချိန်သည် ၅ နာရီဆက်တိုက် ကျော်လွန်သွားပါက ထမင်းစားနားချိန်ကိုပါ အချိန်ပိုအလုပ်ဆင်းချိန်အဖြစ် သတ်မှတ်ပေးရမည်။

ဝန်ထမ်းတစ်ဦးသည် အလှည့်ကျတာဝန်များအတွက် တစ်ပတ်လျှင် အနည်းဆုံး နားရက်တစ်ရက်နှင့် ရုံးတာဝန်ထမ်းဆောင်ခြင်း များအတွက် နှစ်ရက် အနားယူခွင့်ရှိပါသည်။

အလုပ် (သို့) ဝန်ဆောင်မှုသည် မရှိမဖြစ်လိုအပ်ကြောင်းနှင့် အချိန်ပိုဆင်းခြင်းသည် အသင့်တော်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်းဖြစ်သည်ကို အလုပ်ရှင်မှ ကျေနပ်ခွင့်ပြုမှသာ အချိန်ပိုအလုပ်လုပ်ခြင်းကို ဥပဒေအရ ခွင့်ပြုထားသော အများဆုံးအချိန်ပိုနာရီ နှင့်အညီ အလုပ်ရှင်မှ လုပ်ပိုင်ခွင့်ပေးနိုင်ပါသည်။ အချိန်ပိုဆင်းခြင်းအတွက် မန်နေဂျာမှ ကြိုတင် ခွင့်ပြုချက်ပေးရပါမည်။ သက်ဆိုင်ရာဥပဒေများနှင့် အထုံးအဖွဲ့များတွင် ပြဌာန်းထားသော အချိန်ပိုလုပ်ချိန်ထက် မကျော်လွန်ရပါ။ အချိန်ပိုကို အခကြေးငွေ (သို့) အစားထိုးနားရက်အဖြစ် ပေးနိုင်ပါသည်။

ဝန်ထမ်းသည် အချိန်ပိုကို (ပုံမှန်အလုပ်လုပ်ရက် သို့ အများပြည်သူရုံးပိတ်ရက်များ) တွင်လုပ်ရန် အထက်အရာရှိ (သို့) ဌာနမန်နေဂျာထံမှ ကြိုတင်ခွင့်ပြုချက်ကို Yoma Connect App အသုံးပြု၍ တောင်းခံရပါမည်။

အထက်အရာရှိ / ဌာနမန်နေဂျာသည် ဝန်ထမ်းများ၏အချိန်ပိုအလုပ်ဆင်းချိန်များကို စီမံခန့်ခွဲခြင်း၊ အချိန်ပိုဆင်းရန် Yoma Connect App မှတဆင့် လျှောက်ထားလာသည်များကို အတည်ပြုခြင်း (သို့) ငြင်းပယ်ခြင်းတို့ကို လုပ်ဆောင်ပေးရပါမည်။

လူ့စွမ်းအားအရင်းအမြစ်ဌာနသည် ဝန်ထမ်းများ၏ အချိန်ပိုအလုပ်ဆင်းမှုများနှင့် သက်ဆိုင်ရာ ငွေပေးချေမှုများကို အတည်ပြုပေးရပါမည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ နှစ်စဉ်သတ်မှတ်ပေးထားသည့် အများပြည်သူပိတ်ရက် ( ပြဌာန်းအားလပ်ရက်)များကို လစာပေး ခံစားခွင့်နားရက်အဖြစ် သတ်မှတ်ပါသည်။ အများပြည်သူရုံးပိတ်ရက်တွင် အလုပ်လုပ်ရန် လိုအပ်ပါက အချိန်ပိုအခကြေးငွေကို အလုပ်သမားဥပဒေအရ တောင်းခံနိုင်ပါသည်။

လုပ်ငန်းဌာနရွှေ့ပြောင်းလုပ်ကိုင်ခြင်းများ

Policy > ရိုးမအုပ်စု၏ မူဝါဒ နှင့် လမ်းညွှန်ချက်များ > လုပ်ငန်းဌာနရွှေ့ပြောင်းလုပ်ကိုင်ခြင်းများ
ရိုးမအုပ်စုတွင် လုပ်ကိုင်နေသော ဝန်ထမ်းတိုင်းတွင် ရာထူးတိုးနိုင်မည့် အခွင့်အလမ်းများကို ရရှိမှာဖြစ်ပါသည်။ သင့်တော်သော အရည်အချင်းရှိ ဝန်ထမ်းအား ရာထူးတိုးမြှင့်ပေးရန် စဉ်းစားသွားမည်ဖြစ်သည်။ အလုပ်အတွေ့အကြုံ၊ လုပ်ကိုင်ရည်နှင့် ပိုမိုကြီမားရှုပ်ထွေး၍ တာဝန်ကြီးသော လုပ်ဆောင်မှုများကို လုပ်ကိုင်နိုင်စွမ်း ရှိ၊ မရှိ စသည့်အချက်များအပေါ် မူတည်၍ ထည့်သွင်းစဉ်းစားပါမည်။ အထူးသဖြင့် ရိုးမအုပ်စု၏ ခံယူချက်တစ်ခုဖြစ်သော အသွင်ကွဲပြားမှု နှင့် လူတိုင်းပါဝင်နိုင်မှုနှင့် ကိုက်ညီမှုရှိသော ရာထူးတိုးပေးခြင်းများဖြစ်စေရန် ရိုးမအုပ်စုမှ အစဉ်လုပ်ဆောင်ပါသည်။
ဝန်ထမ်းတစ်ဦးသည် ရိုးမအုပ်စုအတွင်း အခြားသင့်လျှော်သော အလုပ်အကိုင်၊ ရာထူးတစ်ခုသို့ ပြောင်းရွှေ့ လုပ်ကိုင်နိုင်သည်။ ထိုပြောင်းလွှဲခြင်းကို စီမံခန့်ခွဲမှုနှင့် သက်ဆိုင်ရာဌာနများ၏ ဆုံးဖြတ်ချက်သဘောတူညီမှုနှင့်အညီ ပြုလုပ်နိုင်ပါသည်။ အလုပ်၊ ဌာနပြောင်းလဲမှု တစ်စုံတစ်ရာရှိပါက ဝန်ထမ်းထံ အကြောင်းကြားသွားမည်ဖြစ်ပါသည်။ လက်ရှိရာထူးတွင် လုပ်သက် ၁၈ လပြည့်ပြီးသည့် ဝန်ထမ်းတိုင်း ရိုးမအုပ်စုရှိ အခြား ဌာန၊ ရာထူးများအား လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် အထက်လူကြီး၏ ခွင့်ပြုချက်ရယူရန် မလိုအပ်ပါ။
လုပ်သက်ဆိုသည်မှာ အလုပ်ခန့်ထားသည့် စာချုပ်တွင် ဖော်ပြထားသည့်အတိုင်း ရိုးမအုပ်စုတွင် အလုပ်စတင်သည့်နေ့ (အစမ်းခန့်ကာလ အပါအဝင်) စဉ်ဆက်မပြတ်ရှိသော လုပ်သက်ကာလကို ဆိုလိုခြင်းဖြစ်သည်။ 
အခြေအနေမပေးသော ကာလများအတွင်း လူသားအရင်းအမြစ် ပိုလျှံမှုများကြောင့် ဝန်ထမ်းလျှော့ချရခြင်းများရှိခဲ့သော် Yoma Group သည် မြန်မာအစိုးရမှ ထုတ်ပြန်ထားသောဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ၍ ခံစားခွင့်လစာများကို ပေးသွားမည်ဖြစ်ပါသည်။
ဝန်ထမ်းအား အလုပ်ခန့်စာပါ အကြောင်းအရာ၊ တည်ဆဲဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တာဝန်မှ ရပ်ဆိုင်းနိုင်ပါသည်။ 
ဝန်ထမ်းတစ်ဦးအား အလုပ်ခန့်စာပါ စာချုပ်နှင့်အညီ အလုပ်မှနှုတ်ထွက်နိုင်ပါသည်။ အသိပေး အကြောင်းကြားစာကို ဝန်ထမ်း၏ ကြီးကြပ်သူမန်နေဂျာထံ တိုက်ရိုက်ပေးပို့ရပါမည်။ ဝန်ထမ်းနှင့် ကြီးကြပ်သူမန်နေဂျာတို့အကြား အပြန်အလှန်သဘောတူညီမှုဖြင့် အသိပေးကာလကို လျှော့ချနိုင်ပါသည်။ 
ပုံမှန်အငြိမ်းစားယူသည့် အသက်မှာ ၆၅ နှစ်ဖြစ်ပါသည်။ အလုပ်ရှင်၏ သဘောတူညီချက်၊ လူမှုဖူလုံရေးဌာနအသိအမှတ်ပြု ဆေးခန်းမှပေးအပ်သော ထောက်ခံစာ၊ ဆေးစစ်ချက်မှတ်တမ်းများဖြင့် ဝန်ထမ်းသည် အသက် ၆၅ နှစ်ပြည့်ပြီးသည့်တိုင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ပါသည်။ 

ရိုးမလုပ်ငန်းစု၏ မူဝါဒ နှင့် လမ်းညွှန်ချက်များ 

Policy > ရိုးမလုပ်ငန်းစု၏ မူဝါဒ နှင့် လမ်းညွှန်ချက်များ 

ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ

ကိုရိုနာဗိုင်းရပ်စ်ပိုးက တိရစ္ဆာန်တွေမှာဖြစ်ပွားတတ်သည့် ပိုးတစ်မျိုးဖြစ်ပြီး ၎င်းထဲမှ အချို့ကတော့လူတွေမှာပါ ကူးစက်နိုင်ပါသည်။ လင်းနို့များက ဒီပိုးကိုအဓိကသယ်ဆောင်ပြီး အခြားသောတိရစ္ဆာန်မျိုးစိတ်များလည်း သယ်ဆောင်နိုင်ပါသည်။ ဥပမာအားဖြင့် အရှေ့အလယ်ပိုင်းအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (MERS-CoV) က ကုလားအုတ်များမှတစ်ဆင့် လူသို့ကူးဆက်ပြီး ဆားစ်ပြင်းထန်အဆုတ်ရောဂါ (SARS-CoV-2) သည် ကြောင်ကတိုးများမှတစ်ဆင့် လူသို့ကူးဆက်ပါသည်။

ဆားရောဂါ (SARS-CoV-2) နှင့်အလားသဏ္ဍန်တူညီသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ကနဦးစတင်ဖြစ်ပွားခဲ့ပါသည်။

ယခင်ဆားစ်ရောဂါသည် ၂၀၀၂ နှစ်ကုန်ပိုင်းတွင် တရုတ်ပြည်မှာစတင်ခဲ့ပြီး ၈ လအတွင်း နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ လူပေါင်း ၈၀၀၀ ကျော်ကူးစက်ခံခဲ့ရပါသည်။ ဆားစ်ရောဂါကူးစက်ခံရသည့်လူနာများအနက် ၁၀ ဦးလျှင် ၁ ဦးနှုန်းသေဆုံးခဲ့ပါသည်။
ဇန်နဝါရီလ ၂၀၂၀ မှာ ပထမဦးဆုံး ဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိချိန်မှ ယခု ၁၇ ရက်နေ့ စက်တင်ဘာလအထိ လူပေါင်း သန်း ၃၀ ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားပြီး ဖြစ်ပါသည်။ ၎င်းထဲမှ လူဦးရေပေါင်း ၉၅၀,၀၀၀ သေဆုံးခဲ့ပြီဖြစ်ပြီး ၂၂ သန်းနီးပါးကတော့ ပျောက်ကင်းသွားပြီဖြစ်ပါသည်။

Covid-19 ရောဂါပိုးနှင့် ရိုးရိုးတုပ်ကွေးရောဂါပိုးတို့မှာ လူတစ်ဦးမှတစ်ဦးကူးစက်ခြင်း တူညီပြီး ရောဂါလက္ခဏာများပါ ဆင်တူသည်ဟုထင်ရသော်လည်း ပိုးနှစ်ခုဟာလုံးဝကွဲပြားခြားနားပြီး တစ်ခုနှင့်တစ်ခု လုပ်ဆောင်ချက်များမတူညီကြပါ။

ရိုးရိုးတုပ်ကွေး‌ရောဂါပိုးနှင့်မတူညီသည်မှာ Covid-19 ရောဂါအတွက် ကာကွယ်ဆေးနှင့် ကုသမှုများမရှိသေးပေ။ သာမန်တုပ်ကွေးရောဂါပိုးထက်လည်း ကူးစက်မှုနှုန်းပိုမိုမြန်ဆန်ပါသည်။ ဗိုင်းရပ်စ်ပိုးအသစ်ဖြစ်သည့်အလျှောက် ကိုယ်ခံစွမ်းအားမှာလည်း ဤပိုးကို တိုက်ထုတ်နိုင်စွမ်း မရှိသေးသည့်အတွက် လူတိုင်းအားကူးစက်နိုင်ခြေအလားအလာပိုမိုများပြားပါသည်။

ကနဦးမှာတော့ တိရိစ္ဆာန်များမှအချင်းချင်းကူးစက်ခဲ့သော်လည်း ယခုမှာတော့ လူလူချင်းကူးစက်နေပြီဖြစ်ပါသည်။
ဗိုင်းရပ်စ်ပိုး၏ရှင်သန်ပေါက်ပွားချိန်နှင့် ကူးစက်ချိန်ကို သတင်းရင်းမြစ် အတိအကျ မသိသေးရသော်လည်း ပျမ်းမျှအားဖြင့် ပိုးရှိသူတစ်ဦးမှ နောက်ထပ်နှစ်ဦး (သို့) သုံးဦးသို့ ကူးဆက်နိုင်သည်ဟု ခန့်မှန်းထားကြသည်။

ဗိုင်းရပ်စ်ကူးစက်ခံရပုံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာများဖြစ်တဲ့ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ လူတစ်ဦးနှင့်တစ်ဦးနီးကပ်စွာ ပြောဆိုဆက်ဆံခြင်း (ဥပမာ - တစ်မီတာအောက်နီးကပ်နေခြင်း) များမှတစ်ဆင့် အများဆုံးကူးစက်နိုင်ပါသည်။
နှာချေချောင်းဆိုးခြင်းမှ ထွက်ရှိသည့် အမှုန်အမွှားများကို အနီးအနားရှိလူမှ ရှူသွင်းလိုက်လျှင်သော်လည်းကောင်း၊ လူအထိအတွေ့များသော အရာဝတ္ထုမျက်နှာပြင်ပေါ်သို့ ကျရောက်ပြီး တခြားသူမှထိတွေ့လိုက်လျှင် ၎င်းတို့၏နှာခေါင်း၊ ပါးစပ်၊ မျက်လုံးမှတစ်ဆင့် ကူးစက်နိုင်ပါသည်။

ဗိုင်းရပ်စ်ပိုးသည် copper, cardboard အစရှိသည့် အရာဝတ္ထုများအပေါ်တွင် အချိန်တော်တော်ကြာကြာရှိနေနိုင်ပြီး ပလတ်စတစ်နှင့် စတီးများပေါ်တွင် ရက်အတော်ကြာ တည်ရှိနိုင်ပါသည်။ သို့သော် ပိုးအရေအတွက်သည် အချိန်ကြာလာသည်နှင့်အမျှ လျှော့နည်းလာနိုင်ပြီး ပိုးကူးစက်စေနိုင်သည်အထိ လုံလောက်သည့်အရေအတွက်မရှိနေခြင်းလည်းဖြစ်နိုင်သည်။

ကိုရိုနာဗိုးရပ်စ်၏ရှင်သန်ပေါက်ပွားချိန်ကို မသိရသေးသော်လည်း ၁၀ ရက်မှ ၁၄ ရက်အတွင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြသည်။ပိုးကူးစက်ရပြီးဆိုလျှင် ပထမဦးဆုံးရောဂါလက္ခဏာမှာ ချောင်းဆိုးလာခြင်းဖြစ်ပါသည်။ အချို့လေ့လာတွေ့ရှိချက်များအရ လက္ခဏာမပြမီ နှစ်ရက်အလိုကပင် ကူးစက်ထားပြီးသားလည်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ သို့သော် ကူးစက်ခံရသော်လည်းရောဂါလက္ခဏာမပြသည့်သူများအတွက်မူ ယခုချိန်ထိအဖြေရှာဆဲဖြစ်ပါသည်။

ရောဂါကူးစက်ချိန်ကတော့ ရောဂါလက္ခဏာမပြမှီ နှစ်ရက်တွင်စတင်နေနိုင်ပြီး တချို့တွင် ပိုးကူးစက်စဉ် တချိန်တည်း ရောဂါလက္ခဏာအနည်းငယ် (သို့) လုံးဝမပြသည်လည်း ဖြစ်နိုင်သည်။ ယခုလျှင် ကူးစက်ကာလကို ရောဂါမပြင်းထန်သည့်သူများအတွက် ၇ ရက် မှ ၁၂ ရက်ဟုသတ်မှတ်နိုင်ပြီး ပြင်းထန်သည့်သူများအတွက် ၂ ပတ်အထိကြာမြင့်နိုင်သည်။

EU, US, China နှင့် Australia နိုင်ငံများမှ ကနဦးရောဂါ အချက်အလက်များအရ ရောဂါကူးစက်ခံရသူ၏ ၁၀ - ၁၅ ရာခိုင်နှုန်းသည် လိုအပ်သောဆေးကုသမှုခံယူရပြီး ၂ - ၄ ရာခိုင်နှုန်းသည် ရောဂါပြင်းထန်ပါသည်။

ဆေးရုံတွင် အများဆုံးဆေးကုသမှုခံယူရသော အသက်အရွယ်အပိုင်းအခြားမှာ ၆၀ နှစ်နှင့်အထက်ဖြစ်ပြီး အခြားမှာ ရောဂါအခံရှိနေသူများဖြစ်သည်။ ၃၀ - ၅၀ နှစ် အသက်အပိုင်းအခြားသည်လည်း စနစ်တကျဆေးကုသမှုခံယူနိုင်ရချေ များသူများဖြစ်သည်။
၄၀ - ၆၀ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာလုံးဝမပြသည့်သူများဖြစ်သည်။

သတင်းကောင်းအနေဖြင့် ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များမှာ ယခင်ကထက် ပြည့်စုံလာပြီဖြစ်ပြီး ဆေးကုသရာတွင်များစွာ အထောက်အကူပြုလာသည့်အတွက် ယခုလက်ရှိ သေဆုံးမှုနှုန်းမှာ ရောဂါစတင်ဖြစ်ပွားသည့် ဇန်နဝါရီမှ ဧပြီလနှင့်နှိုင်းယှဉ်လျှင် လျှော့နည်းလာပြီဖြစ်သည်။

ရောဂါပိုးသည် မျက်လုံး၊ နှာခေါင်း နှင့် သို့မဟုတ် ပါးစပ်မှတစ်ဆင့် လူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်းဖြစ်သည့် အတွက် မသန့်ရှင်းသောလက်များနှင့် မျက်နှာကို ကိုင်တွယ်ခြင်းများအား ရှောင်ရှားရပါမည်။

လက်ကိုဆပ်ပြာ၊ ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ခန့်ဆေးကြောခြင်း (သို့မဟုတ်) အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည် (သို့) တစ်ရှူးတို့ဖြင့် မကြာခဏနှင့် သေသေချာချာဆေးကြောပေးရပါမည်။

သံသယရှိပိုးတွေ့လူနာ၏ ခန္ဓာကိုယ်မှထွက်ရှိသည့် အမှုန်အမွှားများမှတစ်ဆင့် ကူးစက်ခြင်းကို လျှော့နည်းစေရန် လူအချင်းချင်း အနည်းဆုံး တစ်မီတာ (သို့) တစ်မီတာပိုခွာ၍ နေရပါမည်။

  • ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တံတောင်ဆစ်ကွေးအတွင်းပိုင်း (သို့) တစ်ရှူးဖြင့်လုံ အောင်ဖုံးအုပ်ပြီး သုံးပြီးသားတစ်ရှူးကို လုံအောင်ပိတ်ထားတဲ့အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။
  • လက်ကိုဆပ်ပြာ၊ ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ခန့်ဆေးကြောပါ။
  • အမှုန်အမွှားများမှတစ်ဆင့် ကူးစက်ခြင်းလျှော့နည်းစေရန် အနည်းဆုံး တစ်မီတာ (သို့) တစ်မီတာပို၍ ‌‌‌ကွာ‌‌ဝေးတဲ့နေရာမှာနေပါ။

အချင်းချင်းခပ်ခွာခွာနေထိုင်ခြင်း (Physical Distancing) ဆိုသည်မှာ ကူးစက်သံသယရှိလူနာများနှင့် မကူးစက်သေးသူများကြား (သို့) ကူးစက်နိုင်ခြေမြင့်မားနေသောသူများနှင့် ကူးစက်နိုင်ခြေ မရှိသောသူများကြား ထိတွေ့မှုလျော့နည်းသွားစေရန်ဖြစ်ပါသည်။
ဤသို့နေထိုင်ခြင်း၏ ရည်ရွယ်ချက်မှာ Covid-19 ရောဂါကူးစက်ပြန့်နှံ့မှုကို လျှော့ချစေရန်ဖြစ်ပါသည်။

မှတ်ချက်အနေနဲ့ Physical Distancing သည် ယခုလက်ရှိကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည့် Social Distancing ‌‌ဝေါဟာရနှင့် တူညီပြီး Physical Distancing ‌‌ဝေါဟာရအသုံးပြုမှုမှာ လက်ရှိတွင် လုပ်ဆောင်လိုသည့် လူအချင်းချင်းခပ်ခွာခွာနေထိုင်စေခြင်းနှင့် ပိုမိုကိုက်ညီပါသည်။

Physical Distancing လမ်းညွှန်ချက်များအတိုင်း အနာဂတ်တွင်လည်း ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး လမ်းညွှန်ချက်အောင်မြင်မှုမှာ သူငယ်ချင်းများ၊ မိသားစုဝင်များ၊ ချစ်သူခင်သူများကြား ခပ်ခွာခွာ နေထိုင်နိုင်မှုအပေါ် တွင်လည်း မူတည်နေပါသည်။

အင်တာနက်နှင့် ဖုန်းဆက်သွယ်မှုများမှာ Physical Distancing လမ်းညွှန်ချက်အောင်မြင်မှုအတွက် ပိုမိုအရေးပါအရာရောက်လာပါသည်။

လူတစ်ဦးချင်းအနေဖြင့် ကိုယ်တိုင်တွင် ရောဂါပိုးရှိလျှင်သော်လည်းကောင်း၊ ရောဂါပိုးရှိသည်ဟု သံသယရှိလျှင် သော်လည်းကောင်း၊ ပိုးကူးနိုင်မှုမြင့်မားသူများတွင် ပါဝင်လျှင်သော်လည်းကောင်း (ဥပမာ - အသက်အရွယ် အရ ၇၀ ကျော်နေလျှင်၊ အခြားသောပြင်းထန် ရောဂါများရှိထားလျှင်) Physical Distancing ကို လုပ်ဆောင်နိုင် ပါသည်။

မြန်မာနိုင်ငံအပါအဝင် အခြားသောနိုင်ငံတော်တော်များများတွင်လည်း Physical Distancing လမ်းညွှန်ချက်များ ထုတ်ပြန်ထားပြီး Covid-19 ရောဂါကူးစက်ပြန့်နှံ့မှုကို လျှော့ချနေပါသည်။
အဆိုပါထုတ်ပြန်ချက်များမှာ -

  • လုပ်ငန်းများနှင့် ပညာရေးသင်တန်းများ လုံးဝ (သို့) တစ်ဝက် ပိတ်ထားခြင်း
  • အလုံပိတ်နေရာတွင်နေထိုင်ရသောသူများဖြစ်သည့် ကုသရေးဌာနများ၊ အကျဉ်းထောင်များသို့ လာရောက်သူ ဧည့်သည်များကို ကန့်သတ်လျှော့ချထားခြင်း
  • လူများစု‌ဝေးခြင်း၊ လူနည်းစုတွေ့ဆုံခြင်းများအား ကန့်သတ်၊ တားမြစ်ခြင်း နှင့်ဖျက်သိမ်းခြင်း
  • အဆောက်အဦးများနှင့် ရပ်ကွက်များတွင် မဖြစ်မနေ quarantine ပြုလုပ်ခြင်း
  • နယ်စပ်ဧရိယာများကို ချိတ်ပိတ်ထားခြင်း
  • နိုင်ငံအလိုက်၊ ပြည်နယ်အလိုက်၊ မြို့နယ်အလိုက် နေအိမ်တွင်နေထိုင်ရေး အစီအစဉ်များ စီစဉ်ထားရှိခြင်း
  • လုပ်ငန်းဌာနများတွင် ဝန်ထမ်းများအား တစ်ဝက်လျှော့ချ၍ ရုံးတက်စေခြင်း

MOHS နှင့် မြို့နယ်အလိုက်၊ ပြည်နယ်အလိုက်၊ နိုင်ငံအလိုက်ချမှတ်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာရန်နှင့် ပန်းလှိုင်ဆေးရုံ၏ Telehealth ဖုန်းနံပါတ်ကို ခေါ်ဆို၍ အကြံဉာဏ်တောင်းခံရန်

နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်အသုံးပြုမည်ဆိုပါက ရောဂါပိုးကူးဆက်မှုအန္တရာယ်ကို ကာကွယ်နိုင်ပါသည်။

မိမိမှာရောဂါလက္ခဏာတွေရှိနေလျှင် တခြားသူတွေကိုကာကွယ်နိုင်ရန် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ (Surgical Mask) ကို တပ်ဆင်နိုင်ပါသည်။

နှာခေါင်းစည်းများအား စနစ်တကျမတပ်ဆင်ပါက လက်၊ နှာခေါင်းနှင့် မျက်လုံးများကိုထိတွေ့မှု ပိုများလာနိုင်သည့်အတွက် ရောဂါကူးစက်မှုကိုမတားဆီးနိုင်ပါ။

ယခုလက်ရှိတွင် လူများတွင်ဖြစ်ပွားသည့် Coronavirus နှင့် Covid -19 ကိုဖြစ်ပွားစေသည့် Coronavirus မျိုးနွယ်စုအားလုံးအတွက် ကာကွယ်ဆေးမရှိသေးပါ။

ထိုကြောင့် ရောဂါကူးစက်မှုကို ကြိုတင်တားဆီးပြီး ပိုးပြန့်နှံ့မှုကိုတားဆီးရန် လုပ်ဆောင်ရပါမည်။
ကာကွယ်ဆေးထုတ်လုပ်ရန်မှာ အချိန်ကြာမြင့်နိုင်ပြီး ဆေးဝါးကုမ္ပဏီများနှင့် ဓာတ်ခွဲခန်းများမှာ ဆေးထုတ်နိုင်ရန် အပြင်းအထန်ကြိုးစားနေကြပါသည်။

ကုသဆေး သေချာစွာအသုံးပြုနိုင်ရန်မှာ များစွာသောစမ်းသပ်ချက်များ ပြုလုပ်ရမည်ဖြစ်သည့်အတွက် နောက်ထပ်လများစွာ၊ နှစ်များစွာကြာနိုင်ပါသည်။

သို့သော်ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးများ၏ ပြောကြားချက်များအရ ဆေးကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ၂၀၂၁ နှစ်လည်ပိုင်းလောက်မှာသာ အသုံးပြုနိုင်လောက်မည်ဖြစ်ပါသည်။

ရိုးရိုးတုပ်ကွေးရောဂါနှင့် Covid -19 ရောဂါသည် လုံးဝမတူသော virus နှစ်မျိုးဖြစ်သည့်အတွက် ရိုးရိုးတုပ်ကွေးရောဂါအား ကုသသည့်ဆေးရှိရုံဖြင့် Covid -19 အားမကာကွယ်နိုင်ပါ။

အရေးကြီးဆုံးမှာတော့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အသိစိတ်နဲ့ တာဝန်ယူမှုပေါ်မူတည်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးကာကွယ်မှုလုပ်နိုင်မှသာ ဒီရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါသည်။

ဟန်ချက်ညီညီရှင်သန်ရေး (တစ်‌ယောက်ချင်းစီသာမကပဲ လူ့အဖွဲ့အစည်း၊ နိုင်ငံတစ်နိုင်ငံရှင်သန်ရေး) ၊ အသက်မွေးဝမ်းကျောင်း တာဝန်များအားကာကွယ်ရေး (လူ့ပတ်ဝန်းကျင်အတွင်း အနာဂတ်တွင် ကျရောက်လာနိုင်သော လူမှုပြဿနာ၊ ရောဂါဘယများမှ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို အတူတကွ ကာကွယ်ဖြေရှင်းနိုင်ရေး)၊ ကျွန်ုပ်တို့၏ ရည်မှန်းချက်များအား ပြီးမြောက်စေရေး (အလုပ်အကိုင်၊ လူ့အဖွဲ့အစည်း နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှဖြည့်စည်းပေးပြီး ဆက်လက်ကြိုးစားနေထိုင်ရေး) တို့သည် အခုလက်ရှိတွင် အလိုအပ်ဆုံးပင်ဖြစ်ပါသည်။

ကျွန်ုပ်တို့အားလုံး အတူတကွ စည်းစည်းလုံးလုံးဖြင့် ကျော်ဖြတ်ပြီး ‌ရှေ့ဆက်ကျော်လွှားကြပါစို့။